မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေကျပ်တည်းမှု အစရှိတဲ့ အထွေထွေအကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ကျေးလက်ဒေသက အမျိုးသမီးငယ်တွေဟာ နေရပ်ကို စွန့်ခွာပြီး လစာကောင်းကောင်း ရရှိမယ်ဆိုတဲ့ မက်လုံးပေးမှုတွေကို ယုံကြည်ပြီး အိုမန်နိုင်ငံမှာ အိမ်အကူ အလုပ်တွေ သွားရောက် လုပ်ကိုင်နေကြရပါတယ်။
အိုမန်နိုင်ငံကို လူခေါ်ပွဲစားအကူအညီနဲ့ အိမ်အကူအလုပ်သမားအနေနဲ့ သွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ အိမ်ရှင်ဘက်က မတရားအလုပ်စေခိုင်းခံရမှုအပြင် အိပ်ချိန် စားချိန်မမှန်တာ၊ အလုပ်စဝင်တဲ့ရက်က စတင်ပြီး အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်၊ သက်သေခံအထောက်အထားတွေကိုလည်း အလုပ်ရှင်က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
အိုမန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးက “အိုမန်နိုင်ငံမှာ အိမ်တွေက ကြီးတယ်၊ မိသားစုလည်း များတယ်။ အိမ်သန့်ရှင်းရေး အဝတ်လျှော် မီးပူတိုက် ချက်ပြုတ် ကလေးထိန်းတာကစ အကုန်လုပ်ပေးရတယ်။ အိမ်အလုပ် လုပ်ရတဲ့အခါမှာလည်း သူဌေးအိမ်တင်မဟုတ်ဘဲ သူ့ရဲ့ အဖေ အမေ အိမ်တွေ၊ ညီအစ်ကို မောင်နှမ အိမ်တွေကိုပါ အလုပ်လုပ်ခိုင်းတယ်။ ဘယ်လိုပဲ အဆင်မပြေဘူးပြောပြော သူတို့ခိုင်းတာကိုပဲ လုပ်ရတယ်။ အိပ်ချိန် စားချိန်လည်း မမှန်တဲ့အပြင် ရတဲ့လစာနဲ့ လုပ်အားနဲ့ မတန်ဘူး။ တချို့က သူဌေးမကောင်းတော့ နားချိန်မရတဲ့သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။
အိုမန်နိုင်ငံကို အိမ်အကူအနေဖြင့် သွားရောက် လုပ်ကိုင်မယ်ဆိုရင် ပတ်စ်ပို့ ၊ ဗီဇာတွေကို အေးဂျင့်တွေက အကုန်စီစဉ်ပေးတာမျိုး ဖြစ်တာကြောင့် ပထမဆုံး ၂ လစာမှာ အေးဂျင့်ကို ပေးဆောင်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေအတွက်လည်း အိမ်ထောင်စု၊ မှတ်ပုံတင်တွေ အတုလုပ်ပြီး စာအုပ်လုပ်ရတာကြောင့် ၃ လစာအထိ အေးဂျင့်ကို ပေးရတယ်လို့ သိရပါတယ်။
အိုမန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက “စင်ကာပူ သွားဖို့က အရမ်းကြာနေတော့ လိုင်းပေါ်ကနေ အေးဂျင့်က ဒူဘိုင်းကို ပို့မယ်ဆိုပြီး ခေါ်တာကြောင့် ဒူဘိုင်းကို ရွေးလိုက်တာ။ လေယာဉ်စီးတုန်းကလည်း အိုမန်နိုင်ငံ ပို့တယ်ဆိုတာ မသိဘူး။ လေဆိပ်ရောက်တော့လည်း မသိဘူး။ အိမ်ရှင်ဆီရောက်တော့မှ အိုမန်နိုင်ငံဆိုတာ သိရတာ။ ကျမတို့ရွာကနေ ရန်ကုန် အေးဂျင့်ဆီကို လာတဲ့ လမ်းစရိတ်နဲ့ ကိုယ်သုံးတဲ့စရိတ်ပဲ ကုန်တာပါ၊ အေးဂျင့်က နှစ်လစာ ဖြတ်တာပါ၊ တချို့ အသက်မပြည့်တဲ့ ကောင်မလေးတွေဆို စာအုပ်လုပ်တဲ့အခါ အသက်လိမ်ရတာမျိုး အိမ်ထောင်စု၊ မှတ်ပုံတင် အတုလုပ်ပြီး စာအုပ်လုပ်ရတာမျိုးဆို ၃ လစာ ဖြတ်တာမျိုးရှိတယ်” လို့ ပြောပါတယ်။
လက်ရှိ အိမ်အကူအနေနဲ့ အိုမန်နိုင်ငံမှာ တလကို အိုမန်ငွေ ၁၁၀ ရရှိတာဖြစ်ပြီး ပေါက်ဈေးအနေနဲ့ အိုမန်ငွေ တကျပ်ကို ၉၀၀၀ ဝန်းကျင်ရှိတာကြောင့် တလကို မြန်မာငွေကျပ် ဆယ်သိန်းဝန်းကျင် ရရှိတာဖြစ်ပါတယ်။ အိမ်အကူတွေအပေါ်ကို တချို့အလုပ်ရှင်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ကြုံရတယ်လို့ သိရပါတယ်။
“ကျမက ၂၀၂၂ ခုနှစ် ၃ လပိုင်းက ရောက်တယ်၊ ဒီမှာက သူများနိုင်ငံတွေလို နားရက်မရပါဘူး။ ပြင်ပဗဟုသုတ မရှိပါဘူး။ ပြောရရင် အကျဥ်းထောင်ထဲ ရောက်နေသလိုမျိုးပဲ။ ဒါတင်မကဘူး တချို့အိမ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ ရှိပါတယ်။ ကျမနဲ့သိတဲ့ ကလေးမဆို မီးဖိုထဲထိ လာပြီး အနောက်ကနေ လာဖက်တာမျိုးတွေ လုပ်ခံရတယ်၊ ဒီနိုင်ငံကို ငယ်တဲ့သူတွေဆို ပိုမလာစေချင်ဘူး” လို့ အိုမန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါ့အပြင် အလုပ်ခေါ်စဉ်က လစာကို အေးဂျင့်တွေဆီမှာ တမျိုး၊ အိမ်ရှင်တွေဆီ ရောက်တော့ လစာကို လျှော့ပေးတာမျိုးတွေ ရှိတဲ့အပြင် အိမ်ရှင်တွေက လစာမပေးဘဲ အေးဂျင့်တွေဆီကို ပြန်ပို့ခံရတဲ့ အိမ်အကူအလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးတဦးက “လစာအပြည့်မရတဲ့သူတွေထဲက တချို့ဆိုရင် ၃ လစာအထိ တောင်းလို့မရတဲ့သူတွေ ရှိတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေ ကြုံရင်လည်း အေးဂျင့်ရုံးက တာဝန်ယူ ဖြေရှင်းပေးတာမျိုး လုံးဝမရှိဘူး။ ပြဿနာတခုခုကြောင့် အေးဂျင့်ရုံးကို ပြန်ပို့ခံရပြီဆိုရင် အလုပ်သမားဘက်က အမှားပဲ။ အဆင်မပြေလို့ ပြန်လာတဲ့သူတွေဆို အခန်းတံခါး သော့ပိတ်ထားတယ်။ အစာ ဝအောင်လည်း မကျွေးဘူး။ ရေ ဝအောင်မတိုက်လို့ အိမ်သာရေဆေးတဲ့ ပိုက်ကရေတွေ သောက်ရတဲ့အထိ ရှိပါတယ်။ အိမ်ရှင်နဲ့ အဆင်မပြေလို့ အိမ်ရှင်အသစ် ထပ်ရှာရပြီဆိုရင် အရင် အိမ်မှာ လုပ်ခဲ့တဲ့ လုပ်အားခတွေကို အေးဂျင့်က ယူတယ်။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ အေးဂျင့်တွေကြောင့် ဒီမှာရှိတဲ့ မြန်မာအိမ်အကူအလုပ်သမား အမျိုးသမီးတွေဟာ လိင်အမြတ်ထုတ်ခံရမှုတွေ အပါအဝင် အလုပ်တွေလည်း အချိန်ပြည့်လုပ်ပေးနေရတာ” လို့ ပြောပါတယ်။
အိုမန်နိုင်ငံရောက် အိမ်အကူအလုပ်သမားတချို့ဆို ထမင်းနပ်မှန်အောင် မစားရတဲ့ အခြေအနေတွေ ကြုံနေရပြီး ညတိုင်းလိုလိုကို ထမင်းမစားရဘဲ အလုပ်ရှင်ဘက်က ကျွေးတဲ့ ထမင်းတနပ်က သုံးလေးလုတ်စာပဲ ရှိတယ်လို့ ဆိုပါတယ်။ ဝိုင်ဖိုင်သုံးရင်တောင် တလကို အိုမန်ငွေ ၁၀ ဖြတ်တယ်။ တချို့အိမ်ရှင်တွေဆို အလုပ်သမားတွေကို ဝိုင်ဖိုင် လုံးဝ ပေးမသုံးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် အိမ်အကူအမျိုးသမီးက “အစ်မတယောက်ဆို အလုပ်လုပ်ရင်း လှေကားပေါ်ကပြုတ်ကျပြီး ခြေထောက် နှစ်ချောင်းလုံးကို ကျိုးသွားတယ်၊ မြန်မာပြည်ကို ပြန်မပို့ဘဲ ဆေးကုပေးတယ်။ တပတ်လောက် နားပြီးတော့ ဝှီးချဲနဲ့ ခြံသန့်ရှင်းရေး၊ ကြမ်းတိုက်တာတွေ လုပ်ခိုင်းတယ်၊ ထမင်းချက်ရတယ်၊ အိပ်ချိန်ဆိုရင်လည်း နေ့ခင်း ၂ နာရီကနေ ၄ နာရီအထိပဲ သတ်မှတ်ထားတယ်၊ ကျန်တဲ့အချိန်ဆို ခိုင်းသမျှ အကုန်လုပ်ရတယ်။ ကျမဆိုရင် မနက် ၃ နာရီကနေ ည ၁၀ နာရီအထိ လုပ်ရတယ်။ အိပ်နေတဲ့အချိန် လာနှိုးရင်လည်း ထရတယ်။ အလုပ်ချိန်ကတော့ ပုံမှန် မနက် ၃ နာရီထရတယ်။ တနှစ်နဲ့ ခြောက်လမှာ အပြင်ထွက်ပြီး ကိုယ်စားချင်တာတောင် ဝယ်ခွင့်မရှိခဲ့ဘူး။ လိုအပ်တာကို ဝယ်ပေးဖို့တောင်မှ ၄ လလောက်ပြောမှ တခါလောက် ဝယ်ပေးတယ်။ အိမ်ရှင်ကလည်း အလုပ်သမားတွေအပေါ် စာနာထောက်ထားစိတ်မရှိသလို အေးဂျင့်တွေကပါ ကျမတို့အပေါ် တာဝန်ယူ တာဝန်ခံမှု လုံးဝမရှိပါဘူး”လို့ ပြောပါတယ်။
လူခေါ်ပွဲစားတွေကို ယုံကြည်ပြီး အိုမန်နိုင်ငံ ရောက်လာခဲ့ရင် ပြန်လမ်းမရှိသလောက် သေချာတာ ဖြစ်ပြီး အေးဂျင့်ကို လျော်ကြေး မြန်မာငွေ ကျပ် သိန်း ၉၀ မှ ၁၀၀ ကြား ပေးနိုင်မှသာ လွတ်မြောက်နိုင်မယ့် အခြေအနေတွေ ဖြစ်တယ်လို့ အိုမန်နိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာ အိမ်အကူအမျိုးသမီးတွေက ပြောလာပါတယ်။
အေးဂျင့်တွေရဲ့ လုပ်ရပ်တွေအပေါ် မြန်မာနိုင်ငံရှိ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကို တိုင်းကြားထားတာမျိုး ရှိပေမယ့် ထိရောက်တဲ့ အကူအညီတွေ မရရှိဘူးလို့ ဆိုပါတယ်။
အိမ်အကူအမျိုးသမီးတဦးက “ဒီမှာက လာတဲ့လူတိုင်း ဒုက္ခရောက်တာဆိုတော့ ကျမတို့အဖွဲ့ထဲက တယောက်က ပြန်သွားတဲ့အခါကျတော့ လူကုန်ကူးမှုတားဆီးရေးမှာ ကျမတို့နာမည်နဲ့ ပတ်စပို့နံပါတ်တွေ တိုင်ထားတာရှိတော့ လေဆိပ်ပြန်ရောက်တာနဲ့ ရဲအရာရှိတွေ၊ လူကုန်တားက လူတွေက တခါတည်း ရောက်လာတယ်။ တယောက်က လျော်ပြီး ပြန်သွားပေမယ့် ကျမတို့က ပိုက်ဆံမရှိလို့ အလုပ်လာလုပ်ကြတာဆိုတော့ လျော်စရာက မရှိဘူး။ လူကုန်ကူးမှု တားဆီးရေးကလည်း ဒီနိုင်ငံအထိ သူတို့လာပြီး မကူညီနိုင်ဘူး။ ပြန်ရောက်တဲ့အခါကျရင် လျော်ကြေးငွေတွေ၊ လေယာဉ်လက်မှတ်ခစတဲ့ ကုန်ကျစရိတ်တွေ ပြန်ရအောင် မြန်မာနိုင်ငံက အေးဂျင့်တွေကို တရားစွဲချင်တယ်ဆိုရင် သူတို့က လုပ်သင့်လုပ်ထိုက်တာတွေကို တရားဥပဒေအတိုင်း ပြန်လုပ်ပေးမယ်ပေါ့နော်။ ဒါပေမဲ့ ပြန်သွားတဲ့ ကောင်မလေးကလည်း ဇယားတွေ အရမ်းရှုပ်မှာစိုးလို့ ဒီအတိုင်းပဲ ကျေအေးပေးလိုက်ရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အိုမန်နိုင်ငံအနှံ့အပြားမှာ ရောက်ရှိနေတဲ့ အိမ်အကူအလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေဟာ လျော်ကြေးမပေးနိုင်တဲ့ အခြေအနေတွေကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေကြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အိုမန်နိုင်ငံကို မြန်မာပြည်ကနေ အိမ်အကူ အလုပ်လုပ်ဖို့ တရက်မှာ တကြိမ် လွှတ်ရင် အယောက် ၂၀ အထက် ရှိနေပြီး အိုမန်နိုင်ငံမှာ မြန်မာအိမ်အကူအမျိုး သောင်းနဲ့ချီ ရောက်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ကိုယ်ကျိုးစီးပွားရှာမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အရည်အချင်းမပြည့်မီ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် တိုင်းပြည်စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခြေအနေတွေ အဖက်ဖက်က ယိုယွင်းပျက်စီး နိမ့်ကျခဲ့ရတာကြောင့် မြန်မာလူငယ်လူရွယ်တွေဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာသာမက အိုမန်နဲ့ ဒူဘိုင်းလို အာရပ်နိုင်ငံတွေမှာပါ အိမ်ဖော်အဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်ပရောက် မြန်မာအလုပ်သမားတွေကို အကူအညီမပေးတဲ့အပြင် အဓမ္မဖိနှိပ်ခိုင်းစေခံရပြီးမှ ရရှိလာတဲ့ အလုပ်မသားတွေရဲ့ လုပ်ခလစာဝင် ငွေတွေကို အတင်းအကျပ်ဖိအားပေး ပြန်လွှဲခိုင်းနေပြီး ဈေးကွက်ပေါက်ဈေးထက် အဆမတန် နည်းပါးနဲ့ ငွေလဲနှုန်းနဲ့ ခေါင်းပုံဖြတ် ရယူနေတာလည်း ဖြစ်ပါတယ်။