ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေဖြစ်ကြတဲ့ ယူအေအီးနဲ့ အိုမန် တို့မှာ ဒီသီတင်းပတ်အတွင်း မုန်တိုင်းကျရောက်မှုကြောင့် စံချိန်တင် မိုးရွာသွန်းမှုတွေနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ရေပြန်ကျသွားတဲ့နေရာတွေမှာတော့ စတင်ရှင်းလင်းမှုတွေပြုလုပ်နေပါတယ်။
ကမ္ဘာ့အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံး ဒေသတွေထဲမှာပါဝင်တဲ့ ယူအေအီးနိုင်ငံရဲ့ စံချိန်မှတ်တမ်း ၇၅ နှစ်တာအတွင်း အများဆုံးမိုးရေချိန် ဖြစ်ခဲ့ပြီး လူနေအိမ်တွေနဲ့ လမ်းတွေနဲ့ လေဆိပ်မှာပါ ရေလွှမ်းမိုးနေတာကြောင့် လူတွေအပြင်ထွက်မရ ဖြစ်လို့နေပါတယ်။
ဒီရာသီ ဥတုဘေးအတွင်း အိုမန်နိုင်ငံမှာသေဆုံးသူ ၁၉ ဦး အထိရှိလာခဲ့သလို ယူအေအီးမှာဆိုရင်လည်း အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယူအေအီးနိုင်ငံရဲ့ ပျှမ်းမျှမိုးရေချိန်က တနှစ်တာလုံးကို ၁၄၀ မှ ၂၀၀ မီလီမီတာသာ ရှိပေမယ့်လည်း အယ်လ်အိုင်ဒေသမှာတော့ ၂၄ နာရီမပြည့်ခင် အချိန်အတွင်း မိုးရေချိန် ၂၅၄ ဒသမ ၈ မီလီမီတာအထိ ရွာသွန်းခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနအနေနဲ့ ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဒုတိယ အစည်ကားဆုံး ဒူဘိုင်း နိုင်ငံတကာလေဆိပ်မှာလည်း ဆိုက်ရောက်၊ ထွက်ခွာမယ့် လေကြောင်းခရီးစဉ်ပေါင်း ၂၉၀ နီးပါးဖျက်သိမ်းခဲ့ရပြီး နောက်ထပ် ခရီးစဉ်နှောင့်နှေးမှုပေါင်း ၄၄၀ အထိရှိတယ်လို့ အချက်အလက်တွေ အရ သိရပါတယ်။
Cloud Seeding ဆိုတဲ့ မိုးရွာသွန်းအောင် ဖန်တီးခဲ့မှုကြောင့် မိုးရေချိန်အဆမတန်တိုးမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ ဝေဖန်မှုပေါ်မှာ မိုးလေဝသအေဂျင်စီကတော့ မုန်တိုင်းမတိုင်ခင်အထိ ဒါမျိုးလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုပါတယ်။
ဒါအပြင် ကမ္ဘာ့ကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်မှုဟာ ပုံမှန်ရာသီဥတုအခြေအနေကို ဆိုးရွားလာစေခဲ့တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာ့တဝန်းမှာ လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုအရ မိုးအကြီးအကျယ် ရွာသွန်းတာမျိုး အပါအဝင် လွန်ကဲတဲ့ ရာသီဥတုဆိုင်ရာ ဖြစ်ရပ်တွေ ပေါ်ပေါက်လာဖို့ ရှိတယ်ဆိုပြီး ပညာရှင်တွေအနေနဲ့ သတိပေးထားပါတယ်။
Photo-Reuters