
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တောင်ဘက်ခြမ်း မြို့နဲ့ကပ်နေတဲ့ သပြေပင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဒီဇင်ဘာ ၉ ရက် မနက် ၁၀ နာရီကျာ်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သပြေပင်ရွာသားတယောက်က “စစ်တပ်လာမှာကို တရွာလုံး သိထားကြတယ်။ မြို့ပေါ်ကို ရွေးကောက်ပွဲလုပ်ဖို့ မြို့အဝင်အထွက်တွေကို လုံခြုံရေးပြင်ဆင်တဲ့သဘောဖြစ်မယ်။ အဲဒါကို ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ကြတာလေ။ စစ်တပ်ဘက်က အထိနာတယ်။ တိုက်ပွဲဖြစ်ပြီး မြို့ထဲ စစ်ကြောင်းတကြောင်း ပြန်ဝင်သွားပြီး ညနေခင်းမှာ အင်အားဖြည့်ပြီး ကျနော်တို့ရွာထဲ ပြန်ဝင်လာတယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့အတွင်း အထက်တန်းကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်တပ်ဘက်က သပြေပင်ရွာအတွင်း တကျော့ပြန်ဝင်ရောက်လာတာကြောင့် တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်ကြောက်လန့်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။
ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက စစ်ကြောင်းမှူး ကိုကြွက်ကလေးက “ကျနော်တို့ဘက်က အသင့်စောင့်ပြီး တိုက်ခဲ့တာ။ စ(-)တွေဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကားပေါ်ဆွဲတင်ပြီး သူတို့အထိုင်စခန်းထဲကို ပြန်ပို့နေတာတွေ ရှိတယ်လို့ မြင်တွေ့သူတွေက ကျနော်တို့ကို ပြန်ပြောပြလို့ သိထားရပါတယ်။ အဲဒီတိုက်ပွဲမှာ ကျနော်တို့ဘက်က အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို ဘုတလင်မြို့နယ် ပ.က.ဖ အဖွဲ့၊ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းနဲ့ အတူ ညောင်ဦးခရိုင် တပ်ရင်း ၃၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့ (BA)၊ ဘားမားအာမီ တပ်ရင်း ၁၊ ပြည်သူ့အသံ တိုက်ခိုက်ရေးအဖွဲ့၊ ဒီပဲယင်း ဗိုလ်တောက်တဲ့အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ လို့လည်း သိရပါတယ်။


