စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ဘုတလင်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းက တောထဲကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ မုံရွာ နမခကတက်တဲ့ ပါရာမော်တာ ၂ စီး၊ ဂျိုင်ရိုကော်ပတာ ၂ စီးတို့နဲ့ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်သွားတာပါ။ လေကြောင်းတိုက်ခိုက်ခံရမှုတွေအတွင်းမှာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ရပါတယ်။ ရဲဘော် ၄ ဦးကတော့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ ဘုတလင်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းကို ဒီဇင်ဘာ ၄ ရက် မနက်စော ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်နဲ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြတာလို့ ဆိုပါတယ်။
ဘုတလင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဟုတ်ပါတယ်ဗျ။ ဘုတလင်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ တောထဲတနေရာက ဆင်ကျုံးရွာ တောရဘုန်းကြီးကျောင်းနားကို တိုက်ပွဲဖြစ်နေတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။ မနက်စော ၁ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ပါရာမော်တာတွေ တိုက်ခိုက်ခံရတုန်းက ရဲဘော်တွေ ထိခိုက်ကျဆုံးခဲ့တာပါ။ နေ့လယ်ပိုင်းမှာတော့ ထိခိုက်ပျက်စီးတာ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးဒဏ်ရာရခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဒေသခံ Local တပ်စခန်းရဲ့ ကာကင်းစခန်းတခုက ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် မနက်စောပိုင်းကလည်း ဘုတလင်မြို့နယ်ထဲက ကံသာကျေးရွာအနီးကို ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ လေကြာင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။







