
မြန်မာနိုင်ငံထဲမှာ စစ်မှုထမ်းဥပဒေအရ စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်ထဲပို့နေသလို စစ်ကောင်စီလက်အောက်ခံရဲတွေကလည်း လူငယ်တွေကို ပေါ်တာဆွဲပြီး ရဲသင်တန်းကျောင်းကို ပို့နေတာရှိတယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့ မိသားစုတွေက ထံကသိရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြို့မရပ်ကွက်နဲ့ ဇရပ်ကွင်းကျေးရွာမှာ နိုဝင်ဘာလ ၃၀ ရက်က လူငယ်အချို့ကို ရဲတွေက ပေါ်တာဆွဲဖမ်းဆီးကာ ပဲခူတိုင်း၊ ပြည်မြို့နယ်ရှိ အမှတ် ၂ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့လိုက်တယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
“လှည်းကူးမှာ အရင်က ပေါ်တာဆွဲခံရရင် ရဲတွေက စစ်တပ်ကို လူစားထိုးဖို့ပြန်ရောင်းတယ်။ အခုနောက်ပိုင်း အဲလိုမလုပ်တော့ဘူး၊ ဝက်ထီးကန်ကရဲသင်တန်းကျောင်းကိုပို့တာ။ မြို့မရပ်ကွက်က ကောင်လေးနဲ့ ဇရပ်ကွင်းက ကောင်လေး ၃ ယောက် အခုလကုန်က ပါသွားတယ်။ ရဲတပ်သားအပတ်စဥ် ၉ မှာ တက်နေရတယ်။”
ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီ လက်အောက်ခံရဲတွေက ပြစ်ဒဏ်မချဘဲ အမှတ် ၄ ရဲလေ့ကျင့်ရေးကျောင်းကို ပို့တယ်လို့ ရွာငံမြိုခံတယောက်က ပြောပါတယ်။
“ရှမ်းတောင်မှာ ၂၀၂၄ ကတည်းက ရဲတွေက ပေါ်တာဆွဲဖမ်းဆီးတာ စစ်ရှောင်တွေလည်းပါတယ်၊ ခိုးဆိုးလုနှိုက်တွေလည်းပါတယ်။ အဲ့လူတွေကို ပြစ်ဒဏ်မချဘူး၊ တောင်လေးလုံးက ရဲလေကျင့်ရေးသင်တန်းကျောင်းကိုပို့တာ။ တချို့ဒေသခံတွေဆို ရဲထဲဝင်ဖို့ စည်းရုံးတယ်၊ ပညာအရည်အချင်းမလိုဘူး၊ လေးတန်းအောင်ရင်ရတယ်ဆိုလို့ ဝင်တဲ့သူတွေလည်းရှိတယ်။”
ရဲတပ်သားသစ်တွေကို စစ်မှုထမ်းလို အပတ်စဥ် ၁ က စမခေါ်ဘဲ အရင်ရှိခဲ့တဲ့ ရဲတပ်သားသစ် အပတ်စဥ် ၁၀၀ ကနေစတင်ခေါ်ယူခဲ့ပြီး ရဲလေကျင့်ရေးသင်တန်းကျောင်း ၄ ကျောင်းမှာ သင်တန်းပေးခဲ့ရာအခုဆို အပတ်စဥ် ၁၁၀ ရောက်ပြီလို့ အငြိမ်းစားရဲအရာရှိတယောက်က ရှင်းပြပါတယ်။
“စစ်တပ်က စစ်သားစုဆောင်းရေးလုပ်ရသလို ရဲတွေလည်း ရဲတပ်သားသစ်ရှာပေးရတာပဲ။ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ်တွေကို ရဲတပ်သားသစ်အဖြစ် စုဆောင်းဖို့ ရပခဒုတိုင်းမှူးကနေ ရဲချုပ်ဖြစ်လာတဲ့ ရဲချုပ်ဝင်းဇော်မိုးက အမိန့်ပေးတာ။ အခုဆို သင်တန်းကျောင်း ၄ ကျောင်းမှာ ရဲတပ်သားသစ်သင်တန်းပေးနေတယ်။”
ရဲတပ်သားသစ်တွေကို ရမည်းသင်းအခြေစိုက် အမှတ် ၁ ရဲလေကျင့်ရေး သင်တန်းကျောင်း၊ ပြည်မြို့ ဝက်ထီးကန်အခြေစိုက် အမှတ် ၂ ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ စစ်ကိုင်းအခြေစိုက် အမှတ် ၃ ရဲလေကျင့်ရေးသင်တန်းကျောင်းနဲ့ တောင်ကြီးမြိုအခြေစိုက် အမှတ် ၄ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ သင်တန်းပေးနေတာဖြစ်ပါတယ်။


