Home
မြန်မာသတင်း
ရွေးကောက်ပွဲဆန့်ကျင်သည့် လူငယ် ၃ ဦးကို ထောင်ဒဏ် နှစ် ၄၀ ကျော်စီ ချမှတ်
DVB
·
November 21, 2025

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ယူဆမှုနဲ့ ဖမ်းဆီခံခဲ့ရတဲ့ လူငယ် ၃ ယောက်ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေရဲ့ အမြင့်ဆုံးပုဒ်မတွေနဲ့ အရေးယူကာ ထောင်ဒဏ် နှစ် ၄၀ ကျော်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာလအတွင်းမှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားပါတဲ့ စတစ်ကာတွေကို လှိုင်သာယာမြို့နယ်အတွင်းမှာ လိုက်လံကပ်ခဲ့တာကြောင့် ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့် အရေးယူခံခဲ့ရတဲ့ ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုအောင်ရဲထွဋ် တို့ကို စစ်ကောင်စီလက်အောက်ခံ တရားရေးကနေ ထောင်ဒဏ် ၄၉ နှစ်နဲ့ မယမင်းသက်ကိုတော့ ထောင်ဒဏ် ၄၂ နှစ် အသီးသီး ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

လှိုင်သာယာမြို့နယ်တခုတည်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုတခုကို အမှု ၇ ခုထိ ခွဲပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် အယူခံဝင်သွားမယ့်အကြာင်း မိသားစုဝင်တယောက်က ပြောပါတယ်။

“အဲဒီလောက် ပြစ်ဒဏ်ကျခံရလိမ့်မယ်လို့ မထင်ဘူးလေ။ ဒီတမြို့နယ်ထဲမှာဆိုတော့ ဒီလောက် လုပ်လိမ့်မယ် မထင်ဘူး။ ရှေ့နေကို အသဲအသန် ရှာနေရတာ၊ ငှားလို့မရသေးခင်မှာ သူတို့က မြန်မြန် အဲဒီလို အမိန့်ကို ချလိုက်တဲ့အတွက် ကျမတို့ ဘာမှလုပ်လို့မရဘူး။ တရားခွင်ကို အယူခံဝင်ဖို့ ကျမတို့ စီစဉ်နေပါတယ်။ အမှန်က ဒီတမြို့နယ်ထဲမှာ ၆ မှု ၇ မှုလောက်ကြီး ချဖို့ မမျှော်မှန်းထားဘူးလေ။ သူတို့ အဲဒီလို ရက်စက်လိမ့်မယ်လို့ မသိဘူး။ ၄၉ နှစ်ကြီးတောင် အဲဒါတောင် မပြီးသေးဘူးတဲ့၊ ထပ်ပြီးတော့ ဘာတွေနဲ့ ဆွဲဦးမလဲမသိဘူး။”

စစ်တပ်ရဲ့ မတရားပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကိုအောင်ရဲထွဋ်က ၂၄ နှစ်၊ ကိုရန်နိုင်ကြည်ဝင်းက ၂၃ နှစ်နဲ့ မယမင်းသက်ကတော့ ၁၉ နှစ်ဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်ရဲ့ တရားခွင်ကိုတင်ပြတဲ့ CCTV မှတ်တမ်းတွေ အရကတော့ မယမင်းသက် ပါဝင်တာ မရှိပေမဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

တခြား မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်ကလည်း မတရားပြစ်မှုပြစ်ဒဏ်တွေအတွက် အယူခံဝင်သွားမှာဖြစ်ကြောင်း ဖြည့်ပြောပါတယ်။

“ကိုယ့်ဘက်က အယူခံကတော့ ဝင်ကြည့်ရမှာပဲ။ သားသမီးလေးတွေက ဒီလောက်တောင်ဆိုတော့၊ ပြီးတော့ ကလေးတွေက ငယ်ငယ်လေးရှိတဲ့အတွက် ခံစားရတယ်။ အဲဒီကိုသွားတဲ့တယောက် ပြောဆိုတာ သားကို ကယ်ကြပါဦးနဲ့ အဲဒီလိုအော်နေတာတဲ့။ သူတို့က လူသတ်မှုလည်း မဟုတ်ဘူး၊ ဒီစာရွက်လေးတရွက်ကို ကလေးတွေ ကိုင်လိုက်တာနဲ့တင် အဲဒီလောက်လုပ်ဖို့ လိုလား၊ အဲဒီလောက် လုပ်ဖို့သင့်လား။”

နိုဝင်ဘာ ၁၉ ရက်မှာ‌တော့ ကိုရန်နိုင်ကြည်ဝင်းနဲ့ ၃ ယောက်တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် တရားရုံးက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) နဲ့ ထောင်ဒဏ် ၇ နှစ်ကို အမှုစွဲဆိုထားတဲ့ ၅ မှုအတွက် ၃၅ နှစ်စီ ချမှတ်ခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် တရားရုံးကနေ ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုအောင်ရဲထွဋ်တို့ ၂ ယောက်ကို ပုဒ်မ ၂၃(က) နဲ့ နောက်ထပ်နှစ်မှုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၄ နှစ် သီးခြားကျခံစေဖို့ ချမှတ်ခဲ့ပြီး မယမင်းသက်ကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

ဒီအတွက်ကြောင့် ကိုရန်နိုင်ကြည်ဝင်းနဲ့ ကိုအောင်ရဲထွဋ်တို့ နှစ်ယောက်က ထောင်ဒဏ် စုစုပေါင်း ၄၉ နှစ်နဲ့ အလုပ်ကြမ်း ကျခံရမှာဖြစ်ပြီး မယမင်းသက်ကတော့ ထောင်ဒဏ် ၄၂ နှစ်နဲ့ အလုပ်ကြမ်း ကျခံရမှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ပြီး ပြည်သူတွေကို ကြောက်ရွံ့သွားအောင် ခြိမ်းခြောက်တဲ့သဘော ဖြစ်တယ်လို့ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က ကိုနေအောင်က ပြောပါတယ်။

“ကျနော်တို့ လူငယ်တွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့် တွေကို ပိတ်ပင်တားဆီးတယ်လို့ မြင်တယ်ဗျ။ နောက်ပြီးတော့ ကျနော်တို့လူငယ်တွေမှာ ရွေးကောက်ပွဲအတွက် မဲပေးရမယ် ဆိုတာကို မဲမေပေးသင့်ဘူးဆိုတဲ့ ကိုယ်ပိုင်အခွင့်အရေး ရှိတယ်ဗျ။ ကျ‌နော်တို့ ရာဇဝတ်မှု တစုံတရာ ကျူးလွန်တာ မဟုတ်ဘဲနဲ့ ရက်ရက်စက်စက် လုပ်တဲ့အပေါ်မှာ ကျနော်တို့ ခံပြင်းပါတယ်။ ရွေးကောက်ပွဲဥပ‌ဒေနဲ့ အမှုတွေ သီးခြား ချလိုက်တာဟာ ကျနော်တို့ လူငယ်တွေနဲ့ မြန်မာတနိုင်ငံလုံးက မိဘပြည်သူတွေကို ခြိမ်းခြောက်လိုက်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ ဒီအပေါ်မှာ ကျနော်တို့ ထိတ်လန့်သွားမှာ မဟုတ်ဘူး။ ဒီလိုမျိုး ပြင်းပြင်းထန်ထန် အရေးယူလိုက်လို့ ကျနော်တို့လူငယ်တွေ အားလုံးက ကြောက်စိတ်ဝင်သွားမှု မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။”

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတဲ့ ပြည်သူပေါင်း ၁၉၅ ယောက် ရှိလာပြီးဖြစ်ပြီး အဲဒီအထဲ အမှုဖွင့်ခံထားရတာ ၁၄၆ ယောက်နဲ့ အဖမ်းခံရတာ ၃၂ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013