
ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနိုင်ရလို့ ပေးထားတဲ့ကတိတွေ မတည်ရင် မျက်နှာကို လက်သီးနဲ့ထိုးပါလို့ နိုဝင်ဘာ ၁၉ ရက်မှာပြုလုပ်တဲ့ ရန်ကုန်တိုင်း ပါတီမဲဆွယ်ပွဲမှာ ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
မနေ့ နေ့လယ်က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးပွဲမှာ ဦးခင်ရီက ပြောဆိုခဲ့တာပါ။
“နိုင်ငံ့ဝန်ထမ်းငယ်တွေ အခမဲ့ခရီးသွားလာခွင့်ရရှိရေး အာမခံချက်တွေ၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေးမယ့် ကတိကဝတ်တွေ၊ လယ်သမားတွေရဲ့ ကြွေးမြီသံသရာက တစထက်တစ ကင်းရှင်းအောင် ဆောင်ရွက်မယ့် အစီအစဥ်တွေ၊ ပြည်ပရောက်နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အလမ်းတွေ၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ လုပ်ပေးမယ်လို့ ကျနော်တို့ ကတိပေးထားတယ်။ ကျနော်တို့ပါတီက ရွေးကောက်ပွဲအနိုင်ရလို့ ဒါတွေကို မလုပ်ပေးနိုင်ဘူးဆိုရင် မျက်နှာကိုသာ လက်သီးနဲ့လာထိုးလိုက်။”
ကြံ့ခိုင်ရေးပါတီက ဒီလို မဲဆွယ်စည်းရုံးခဲ့တာဟာ အခုမှမဟုတ်ဘဲ ၂၀၁၀ ကနေ အခုချိန်ထိဖြစ်ပြီး တကယ်တမ်း အနိုင်ရသွားတဲ့အခါမှာ အနိုင်ရသွားတဲ့ မဲဆန္ဒနယ် မြို့နယ်တွေကို လုံးဝ လှည့်မကြည့်တော့ဘဲ မိမိချမ်းသာရေးကိုကြည့်တဲ့ ပါတီမျိုးဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တယောက်က DVB ကို ပြောပါတယ်။
“၂၀၁၀ တုန်းက အရင်ဥက္ကဋ္ဌဟောင်း ဦးသန်းဌေးလည်း ဒီလိုပဲ မဲဆွယ်စည်းရုံးခဲ့တာပဲ။ ကျနော် အနိုင်ရသွားလို့ မြန်အောင်မြို့ကြီး ဖွံ့ဖြိုးတိုးတက်မှုမရှိရင် ကျနော့်မျက်ခွက်ကို လက်သီးနဲ့ လာထိုးဆိုပြီး အနိုင်ရသွားတော့ သူ့အိတ်ထဲထည့်ရော။ တကယ်တမ်း သူပြောတဲ့အတိုင်း မြို့ခံတွေက လက်သီးနဲ့ဝိုင်းထိုးရင် အခုချိန် ဦးသန်းဌေး လူ့လောကမှာတောင် ရှိမှာမဟုတ်ဘူး။ အဲလို ကတိမတည်လို့ ၂၀၁၅ မှာ NLD ပါတီကို အပြတ်အသတ်ရှုံးပြီး ၂၀၂၀ ရောက်တော့ နေပြည်တော်မှာ သွားပြိုင်တာ။”
မနေ့က သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးပွဲကို ရန်ကုန်မှာရှိနေတဲ့ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ပါတီဝန်းရံသူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီဇင်ဘာလမှာ စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ ကျော် ဝင်ပြိုင်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


