
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှာ ရွေးကောက်ပွဲ နီးလာတာနဲ့အတူ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေ နေ့တိုင်းလိုလို ပေါ်တာဆွဲခံနေရတဲ့အတွက် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကလေးမြို့ခံတွေက DVB ကို အတည်ပြုပါတယ်။
လက်ရှိ ကလေးမြို့ပေါ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်တပ်ဘက်က နိုဝင်ဘာ ၂၈ ရက်ကစပြီး တအိမ်တက်တအိမ်ဆင်း (Door to Door) စနစ်နဲ့ စာရင်းလိုက်ကောက်ယူနေတယ်ဆိုပြီး စစ်တပ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။
အဲဒီလို စာရင်းကောက်ယူတာတွေရဲ့ နောက်ကွယ်မှာ လူငယ်တွေအများစု အဖမ်းခံနေရပြီး ပေါ်တာဆွဲခံရပါက တယောက်ကို သိန်း ၃၀ နဲ့ ၅၀ ကြား ပြန်ရွေးယူရတယ်လို့ မြို့ခံတွေက ရှင်းပြပါတယ်။
ကလေးမြို့ခံတယောက်က “အခုက ဘာဖြစ်နေလဲဆိုတော့ မဲစာရင်းဆိုတာ ထပ်ပေါ်တာဆွဲခံရမှာ ကြောက်နေရတယ်။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေ မြို့ပေါ်မှာ ဆက်တိုက်အဖမ်းခံရတယ်။ ဖမ်းမိရင် သိန်း ၃၀ နဲ့ ၅၀ ကြား ပြန်ရွေးရတယ်။ မရွေးနိုင်ရင် ချင်းပြည်ဘက်တက်တဲ့ စစ်ကြောင်းကို အပို့ခံရတယ်။ တခါတလေ အရက်ဆိုင်တွေ ဘီယာဆိုင်တွေထဲထိပါ ဝင်ဖမ်းတယ်။ အရပ်ဝတ်နဲ့ Mark 2 ကား Prado ကားတို့နဲ့ လိုက်ပြီး လမ်းသွားလမ်းလာတွေ ရပ်ခိုင်းပြီး ဖမ်းတာက ပုံမှန်လို ဖြစ်နေပြီဗျ။ အဲဒီတော့ အခု ကလေးမြို့ပေါ်မှာ အရေးတကြီးကိစ္စ မရှိရင် အပြင်မထွက်ရဲဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ပေါ်တာအဆွဲခံထားရတဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို DVB က ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အဆက်အသွယ်ရဖို့ ခက်ခဲနေဆဲပါ။
ပေါ်တာဆွဲခံထားရတဲ့သူတွေနဲ့ ပတ်သက်ပြီး DVB က ရတဲ့ အချက်အလက်အရ ပေါ်တာအဆွဲခံရပြီး ငွေနဲ့ ပြန်မရွေးနိုင်တဲ့သူတွေဟာ ကလေးမြို့ကနေ ချင်းပြည်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ တပ်တွေဆီ အပို့ခံနေရတယ်လို့ ဆိုပါတယ်။
အခုလို မြို့ပေါ်မှာ ရွေးကောက်ပွဲ အကြောင်းပြပြီး ပေါ်တာဆွဲနေတာတွေ (Door to Door) စနစ် ဆိုပြီး တအိမ်တက်တအိမ်ဆင်း လိုက်စစ်နေတာတွေကို ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ကလေးမြို့ခံတွေ ပေါင်းပြီး နိုဝင်ဘာ ၃၀ ရက်က စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ခေတ်အဆက်ဆက် တော်လှန်ရေးမှာ ပေးဆပ်ခဲ့တဲ့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူတွေကို အလေးပြုတာ၊ ဌာနစုံက CDM ပြည်သူ့ဝန်ထမ်းတွေကို လက်ခုပ်တီး ဂုဏ်ပြုတာ၊ ကျဆုံးလေပြီးသော အာဇာနည်တွေကို တမိနစ် အောက်မေ့သတိရ ငြိမ်သက်ဂုဏ်ပြုတာနဲ့အတူ ရွေးကောက်ပွဲဆန့်ကျင်ရေး ကြက်ခြေခတ် (cross sign) နဲ့ ကြွေးကြော်ခဲ့ကြပါတယ်။
ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်လေးက “မြို့ပေါ်မှာ ရွေးကောက်ပွဲ အကြောင်းပြတဲ့ဟာကော မတရားစစ်မှုထမ်းဥပဒေ အကြောင်းပြပြီးတော့ နေ့စဥ်နဲ့အမျှ ဖမ်းဆီးနေတာ ဖြစ်တယ်။ အဲဒီလို အနေအထားမှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဘယ်လိုမှ မတည်ငြိမ်တဲ့ အနေအထားမှာ ရွေးကောက်ပွဲကို ဘယ်လိုမှ စိတ်ဝင်စားစရာအကြောင်း တစိုးတစက်မှ ရှိမှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ ထို့အတူပဲ ဒီတော်လှန်ရေး ထိန်းချုပ်တဲ့ နယ်မြေ၊ ပြည်သူထိန်းချုပ်တဲ့ နယ်မြေမှာလည်း ပြည်သူတွေ ပြတ်ပြတ်သားသား ဖော်ပြတဲ့အတိုင်းပဲ စစ်ကောင်စီကနေ ဆိတ်ခေါင်းချည်ပြီး ခွေးသားရောင်းမဲ့ ဒီအတုအယောင် ရွေးကောက်ပွဲကို ကျနော်တို့ ပြည်သူတရပ်လုံးအနေနဲ့ လုံးဝ လုံးဝ လက်ခံမှာမဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြည်သူတရပ်လုံးအနေနဲ့ အထူးသဖြင့် ကလေးဒေသက ပြည်သူတရပ်လုံးအနေနဲ့ ရှင်းရှင်းလင်းလင်း ဆန္ဒထုတ်ဖော်ပွဲတွေ၊ ကျနော်တို့ သဘောထား ထုတ်ပြန်ချက်တွေနဲ့အတူ ကျနော်တို့ ဒီညီလာခံတွေနဲ့ ကျနော်တို့ ထုတ်ဖော်ပြသပြီးသား ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအပိုင်း-၁ မြို့တွေထဲမှာ ကလေးမြို့လည်း ပါပါတယ်။
လက်ရှိ ကလေးမြို့နားက အိန္ဒိယ-မြန်မာ လမ်းမကြီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ချင်းပြည်နယ်ကို စစ်ကြောင်းထိုးနေတဲ့အထဲ ကလေးမြို့ကလည်း ထွက်လာတဲ့ စစ်ကြောင်းတကြောင်း ပါဝင်နေတာပါ။
ဒါကြောင့် ကလေးမြို့ခံတွေဟာ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့နဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေ ရပ်ဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။
မောရစ်


