
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းရဲ့ အကြီးမားဆုံး လက်နက်ပြပွဲတွေထဲက တခုဖြစ်တဲ့ အီဂျစ် လက်နက်ပြပွဲမှာ ကာကွယ်ရေးကုမ္ပဏီတွေဟာ ဒရုန်းစစ်ပွဲနဲ့ ပိုသတ်မှတ်ထားတဲ့ ဒေသတွင်း ဈေးကွက်တွေဆီ ထိုးဖောက်ဝင်ရောက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
Quadcopters၊ လျှပ်စစ်သံလိုက်ရိုင်ဖယ်တွေနဲ့ ဉာဏ်ရည်တုသုံး မောင်းနှင်သွားလာရေး စနစ်တို့ကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။
ကင်ညာ၊ ဇင်ဘာဘွေ၊ ရဝမ်ဒါ၊ အဇာဘိုင်ဂျန်နဲ့ ဆော်ဒီအာရေဗျတို့လို မတူတဲ့နိုင်ငံတွေက ယူနီဖောင်းဝတ် ကိုယ်စားလှယ်တွေဟာ ရုရှား၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီတွေရဲ့ ခမ်းနားတဲ့ ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိက လမ်းဆုံမှာရှိတဲ့ အီဂျစ်ဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်တဲ့ အမေရိကန်အကူအညီနဲ့ ထောက်ပံ့ပေးထားတဲ့ သူ့ကိုယ်ပိုင် ကြီးမားတဲ့ စစ်ဘက် စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တင်ပို့ဖို့ အချက်အချာနေရာတခုအဖြစ် ဖန်တီးဖို့ မျှော်လင့်နေပါတယ်။
အီဂျစ်ကာကွယ်ရေးပစ္စည်းပြပွဲ EDEX မှာ ပြသသူ ၄၅၀ ကျော် ပါဝင်ခဲ့ပါတယ်။ တောင်အာဖရိကရဲ့ အာဖရိက အာကာသနဲ့ ကာကွယ်ရေးပြပွဲနဲ့ အခုပြပွဲက တန်းတူဖြစ်ပေမဲ့ အရှေ့အလယ်ပိုင်းရဲ့ အကြီးမားဆုံး စက်မှုလုပ်ငန်းပြပွဲဖြစ်တဲ့ ယူအေအီးရဲ့ မြို့တော် အဘူဒါဘီက IDEX ပြပွဲရဲ့ နောက်မှာ ရှိနေပါတယ်။
ဈေးသက်သာပြီး အသက်အန္တရာယ်ရှိတဲ့ မောင်းသူမဲ့လေယာဉ်တွေ ဒါမှမဟုတ် UAV တွေကို ယူကရိန်းစစ်ပွဲမှာ အလျင်အမြန် တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
အီသီယိုးပီးယားနဲ့ ဆူဒန်ကနေ လစ်ဗျားနဲ့ ယီမင်အထိ မကြာသေးမီက ပဋိပက္ခတွေကိုလည်း UAV က ပြောင်းလဲစေခဲ့ပါတယ်။
နိုင်ငံတွေမှာ ဘီလီယံနဲ့ချီ သုံးစွဲနေတဲ့ UAV ဈေးကွက်မှာ စက်မှုလုပ်ငန်းကြီးတွေနဲ့ ထွန်းသစ်စ လုပ်ငန်းတွေအတွက် အလားအလာနဲ့ အကျိုးအမြတ်ရှိတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးခဲ့ပါတယ်။
Source: Reuters


