
ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖွဲ့စည်းပုံက အများ မျှော်လင့်ထားသလို ဖြစ်မလာကြောင်းနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် အဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရတရပ်ဖြစ်ဖို့ အရပ်ဖက်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မျှော်လင့်နေကြပါတယ်။
NUGအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေလုပ်စေချင်တဲ့ ထောက်ပြပြောဆိုမှုတွေ လအတန်ကြာကတည်းက ပေါ်ထွက်လာပြီးတဲ့နောက် ဒီဇင်ဘာ ၈ ရက်မှာတော့ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။
အစိုးရအဖွဲ့အတွင်း ဝန်ကြီးဌာနတချို့ကို ဖျက်သိမ်းကာ တချို့ကိုတော့ ပူးပေါင်းလိုက်ပြီး အရင်လူအဟောင်းတွေနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အပေါ် မျှော်လင့်ထားသလောက် ဖြစ်မလာကြောင်း ဉာဏ်လင်းသစ်သုသေတနအဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။
“တော်လှန်ရေးကာလနဲ့ ကိုက်ညီတဲ့ သေးငယ်ပြီး ထိရောက်တဲ့ အစိုးရပုံသဏ္ဌာန်များ ဖြစ်လာမလားပေါ့။ လက်ရှိမှာ ကျနော်တို့က စစ်ရေးအားကဲနေတဲ့အချိန်ဖြစ်တဲ့အတွက် စစ်ရေးဦးဆောင်ပြီး တိုက်ခိုက်ပုံဖော်နေနိုင်တဲ့ EROs တွေ ဒီလူတွေ ပိုပြီးပါလာမလား မျှော်လင့်ကြတယ်ပေါ့။ လူထုအတွက်လည်း နားလည်ဖို့လိုတယ်၊ ကျနော်တို့အနေနဲ့လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဆိုတာ တွေ့ရတယ်။ လူအများစု သဘောတူနိုင်တဲ့ ပြောင်းလဲမှုမျိုးကတော့လုပ်ဖို့ခက်ပါတယ်။ ဝန်ကြီးချုပ်ကြီးရော၊ ယာယီသမ္မကြီးရော ပြောပုံအရဆို EROs တွေနဲ့ NUG အစုအဖွဲ့ကြားမှာ သိပ်ပြီး ညှိမလို့မရသေးဘူး၊ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးလို့ မရသေးဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ EROs တွေ အများစု၊ တိုင်းရင်းသားလူမျိုး အခြေပြု အဖွဲ့အစည်းတွေ အများစုက သဘောတူညီတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့မယ်ဆိုရင် အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်မယ်လို့ ကျနော်တော့ ယူဆပါတယ်။”
NUG ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အသိပေးတဲ့ ဒီဇင်ဘာ ၉ ရက် မိန့်ခွန်းမှာ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ အဓိက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုကြီးတွေ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိချိန်မှာ အထွေထွေ အကန့်အသတ်တွေရှိနေကြောင်းနဲ့ ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီနေ့အထိ မလုပ်နိုင်သေးဘူးလို့ ယာယီသမ္မတက ဝန်ခံပြီး အစိုးရအနေနဲ့ လူထုအကျိုးနဲ့ တော်လှန်ရေးအောင်မြင်မှုတွေရဖို့ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိသလို ရှေ့ဆက်လုပ်ဆောင်သွားမယ် လို့ ဆိုထားပါတယ်။
မြေပြင်မှ ရဲဘော်တယောက်က “ဒီ NUG ပြုပြင်ပြောင်းလဲရေး ကိစ္စကတော့ ထွေထွေထူးထူး ဘာမှ မမျှော်လင့်ထားတဲ့အတွက်ကြောင့် ပြောင်းလဲမှုအပေါ်မှာတော့ ဘာမှ ခံစားချက်သိပ်မရှိပါဘူး။ သို့သော်လည်း အံ့ဩရတဲ့အခြေအနေ တခုကတော့ မူလရှိနေတဲ့ ဒီလူတွေ ဒီအသိုက်အဝန်းကိုပဲ ပြန်ပြီးတော့ ဝန်ကြီးဌာနတွေ ပြန်ချုံ့လိုက်တဲ့ သဘောမျိုးပဲ ခုအခြေအနေက တွေ့ရတယ်။ သို့သော် ဘယ်လိုပဲ ပြုပြင်ပြောင်းလဲရေးပဲ လုပ်လုပ် ကျနော်တို့ တော်လှန်ရေးကို အားကောင်းစေတဲ့ ဝန်ကြီးတွေ၊ တော်လှန်ရေးကို အားကောင်းအောင် ခေါင်းဆောင်မှုရှိတဲ့သူတွေ မတက်လာ မချင်းကတော့ တော်လှန်ရေးကတော့ အားနည်းနေမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာတော့ အရင် ဝန်ကြီးဌာန ၁၇ ခုကနေ ၄ ခုကို ဖျက်သိမ်းကာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာနကို သီးသန့်ခွဲလိုက်တာပါ။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုး ကို တာဝန်ပေးအပ်တာ ဒုဝန်ကြီးတချို့လည်း ဝန်ကြီးနေရာ ခန့်အပ်ခဲ့ပါတယ်။
ဒီအခြေအနေတွေဟာ လက်ရှိ မြေပြင်က လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဦးဆောင်သူတွေ ပိုပါလာဖို့ မျှော်လင့်ကြောင်းနဲ့ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။
“အရင် Frame ကို နည်းနည်းချုံ့လိုက်တဲ့သဘောမျိုးပဲ တွေ့ရတာပေါ့။ Progressive view ရှိတဲ့ ခေါင်းဆောင်တွေ Progressive view အားသန်တဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ ပိုပြီးတော့ ပါဝင်စေချင်တာပေါ့။ မြေပြင်ဖြစ်ပေါ် နေတဲ့ တော်လှန်ရေး ရဲ့ Flowနဲ့က ဟန်ချက်ညီနိုင်တယ်လေ။ လူတွေတော့ အရမ်းကြီးပြောင်းတာ မတွေ့ရဘူး၊ အတွေး အခေါ်နဲ့ လုပ်နည်းလုပ်ဟန်ကတော့ ထွက်ပေါ်လာတဲ့ ကြေညာချက်ကို ကြည့်ပြီးတော့ ဆုံးဖြတ်ဖို့တော့ စောသေးတာပေါ့နော်။ မြေပြင်က တောင်းဆိုနေတဲ့ စစ်အနိုင် တိုက်ရေးနဲ့ နိုင်ငံရေးမှာဆိုရင်လည်း bottom to up ဖက်ဒရယ်လစ်ဇင်ပေါ့နော် ဒီဟာတွေအတွက် အသုံးတည့်တဲ့ လက်တွေ့အလုပ်ဖြစ်စေမဲ့ ပြောင်းလဲမှုမျိုးကတော့ ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာ အခု ဒီ reform လို့ပြောတဲ့ NUG အစိုးရအသစ်ကို ကျနော်တို့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။”
NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပိုမိုထိရောက်တဲ့အစိုးရဖြစ်စေဖို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ ကျယ်ပြန့်စွာပါဝင်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြကြောင်း။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရမှာ ပူးပေါင်းပါဝင်ပြီး တော်လှန်ရေး ရှေ့ခရီးကို အတူတကွဆက်ဖို့အတွက် သမိုင်းကြောင်းနောက်ခံ အကြောင်းအရာတွေနဲ့ အကန့်အသတ်တွေ ရှိနေပုံပေါ် ကြောင်းနဲ့ ဒီအကြောင်းအရာတွေကြောင့်ပဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်မှာတော့ အစိုးရ တွင်းပြုပြင်ပြောင်းလဲရေးကိုသာ ဦးစွာဆောင်ရွက်ခဲ့ကြတာ" လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
ဝေဝေ


