
လက်နက်အားကိုးနဲ့ အန္တရာယ်ပြု ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တာတွေ ရှိလာလို့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ သယံဇာတ စီမံခန့်ခွဲတာကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်တာဖြစ်ပြီး သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဒဏ်ကြေးကောက်ခံတာမှာ ၃ နှစ်ကျော်အတွင်း တော်လှန်ရေးအစိုးရအတွက် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း ၂၈,၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေတွေမှာ သဘာဝသယံဇာတတွေ ရေရှည် တည်တံ့စေရေး၊ ဒေသတွင်း လူမှုစီးပွား အခြေခံလိုအပ်ချက်အတွက် သဘာဝသယံဇာတက အထောက်အပံ့ဖြစ်စေရေး၊ အခွန်ဝင်ငွေရရှိရေးတို့ကို ဘက်စုံထောင့်စုံက ထည့်သွင်းစဉ်းစားပြီး သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ ကြားကာလ အရေးပေါ် လုပ်ထုံးလုပ်နည်းတွေကို အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုအောက်မှာ ရေးဆွဲကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ စီမံခန့်ခွဲရာမှာ တရားမဝင် သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်သယ်ဆောင်တာကို စိစစ်အရေးယူတာ၊ ဒဏ်ကြေးကောက်ခံတာ၊ ဒေသတွင်း အသုံးပြုမှုအတွက် အခွန်ဒဏ်ကြေးနဲ့ သယ်ခွင့်ပြုခဲ့တာကနေ ၂၀၂၂ ခုနှစ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ တော်လှန်ရေးအစိုးရအတွက် ဘဏ္ဍာရန်ပုံငွေ ကျပ် သန်း ၂၈,၀၀၀ ကျော် ရှာဖွေပေးနိုင်တာလို့ ဆိုပါတယ်။
ဝန်ကြီးဌာနလုပ်ငန်းတွေ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် အင်အား ၈၀ ရာခိုင်နှုန်းလောက်ဟာ ဝန်ကြီးဌာနအသီးသီးကနေ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အစိုးရရဲ့ မူဝါဒ၊ ကြားကာလ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ ဝန်ထမ်းတွေက လုပ်ငန်းအကောင်အထည်ဖော်ရာမှာ စီမံခန့်ခွဲခွင့်မူဘောင်ကို ကျော်လွန်စွက်ဖက်တာတွေ၊ အတားအဆီးနဲ့ ဖိအားပေးတာတွေ၊ ပဋိပက္ခတွေ၊ နှုတ်အား၊ လက်နက်အားကိုးနဲ့ အန္တရာယ်ပြု ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်တာတွေ ပေါ်ပေါက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖြစ်စဉ်အလိုက် ထိုက်သင့်တဲ့ ဖြေရှင်းမှုရဖို့ ဝန်ကြီးဌာန တာဝန်ရှိသူတွေက အစိုးရအဖွဲ့အတွင်း အဆင့်ဆင့် ကြိုးစားညှိနှိုင်း ဖြေရှင်းခဲ့ပေမဲ့ မထူးခြားသေးဘဲ ဝန်ကြီးဌာနဝန်ထမ်းတွေ၊ သစ်နဲ့ သစ်တောထွက်ပစ္စည်း စီမံအုပ်ချုပ်မှုလုပ်ငန်းတွေမှာ ပူးပေါင်းနေတဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး ဝန်ထမ်းတွေပါ စီမံခန့်ခွဲမှု အခက်အခဲတွေ၊ အန္တရာယ်မကင်းတဲ့ အခြေအနေတွေကို ဆက်ကြုံနေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်သယ်ဆောင်တာကို တားမြစ်အရေးယူတာ၊ အခွန်ဒဏ်ကြေးကောက်ခံတာ အပါအဝင် စီမံခန့်ခွဲမှု ကိစ္စအရပ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကစလို့ ပါဝင်ဆောင်ရွက်တာ မလုပ်တော့ဘဲ ယာယီ ရပ်ဆိုင်းထားလိုက်တယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးမှာ သစ်သယံဇာတဆိုင်ရာ နည်းပညာပိုင်း လိုအပ်ချက်တွေ ရှိရင် အကြံဉာဏ်ပေးတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးတာတွေကိုပဲ ဆက်လုပ်သွားဖို့ သစ်တောနဲ့ ပတ်ဝန်းကျင်ရေးရာကဏ္ဍ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။


