
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးချဉ်းကပ်မှုတွေကို လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ သတိကြီးကြီး ဆောင်ရွက်နေသလို စစ်ရေးနဲ့ စိုးမိုးထိန်းချုပ်ဒေသတွေ ပိုအားကောင်းလာရေး၊ လုံခြုံရေးကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေဘက်မှာလည်း တတ်စွမ်းသမျှ ကြိုးစား လုပ်ကိုင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုကို အသိပေးတင်ပြတဲ့ မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျနော်တို့အနေနဲ့ တဘက်က တော်လှန်ရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တဲ့ နိုင်ငံရေးချဉ်းကပ်မှုတွေကို လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ သတိကြီးကြီး ဆောင်ရွက်နေသလို တဘက်ကလည်း စစ်ရေးအကောင်အထည်ဖော်မှုတွေနဲ့ စိုးမိုးထိန်းချုပ်ဒေသတွေ ပိုမိုအားကောင်းလာရေးနဲ့ လုံခြုံရေးကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေဘက်မှာလည်း တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေကြောင်း လေးစားစွာ တင်ပြလိုပါတယ်” လို့ ပြောပါတယ်။
NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲတာနဲ့ပတ်သက်လို့ ယာယီသမ္မတက ဒီဇင်ဘာ ၈ ရက်မှာ မိန့်ခွန်းပြောဆို ရှင်းလင်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှု ရလဒ်အသေးစိတ်ကို ပြည်ထောင်စုဝန်ကြီးချုပ်က လူထုကို တင်ပြမယ်လို့ ပြောဆိုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ဝန်ကြီးချုပ်က မပြောခဲ့ပါဘူး။
ဝန်ကြီးချုပ်က “တိုးတက်ပြောင်းလဲလာတဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေအရ မြေပြင် စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လက်တွေ့ကျကျ စီမံအုပ်ချုပ်ရေးတွေ လုပ်ဆောင်နိုင်ဖို့နဲ့ အကန့်အသတ်ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဘဏ္ဍာငွေအရင်းအမြစ်တွေကို ထိထိရောက်ရောက်နဲ့ ကျစ်ကျစ်လျစ်လျစ် အကျိုးရှိအောင် အသုံးပြုနိုင်ဖို့အတွက် ဝန်ကြီးဌာနကို ၁၇ ခုမှ ၁၂ ခုထိ လျှော့ချဖွဲ့စည်းခဲ့ပါတယ်။ ဝန်ကြီးဌာနအချို့ဟာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ထပ်တူနီးပါး ဖြစ်နေတာကြောင့် ပေါင်းလိုက်ရတာမျိုး ရှိသလို တချို့ဌာနတွေကတော့ လက်ရှိ တော်လှန်ရေးကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အကန့်အသတ် ရှိသည့်အတွက် ဖျက်သိမ်းလိုက်ရတာမျိုးလည်း ရှိပါတယ်။ တချို့ဌာနတွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ မဟုတ်တော့ဘဲ ဌာနကြီးသဖွယ် စုဖွဲ့ လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြည်ထောင်စုဝန်ကြီးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့ကြောင်းကိုလည်း တင်ပြလိုပါတယ်” လို့ ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အစိုးရဖွဲ့စည်းပုံ ပြောင်းလဲရေးအပြင် NUG အတွက် ပိုစနစ်တကျလုပ်ဖို့ လိုအပ်နေသေးတဲ့ မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွေ ပြန်လည်သုံးသပ်ရေးနဲ့ ၄ နှစ်တာကာလ ဖွဲ့စည်းထားခဲ့တဲ့ ကော်မတီ၊ ကော်မရှင်တွေ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေလည်း ပါတယ်လို့ သူက ဆက်ပြောပါတယ်။


