
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှာ အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိချိန်မှာ အထွေထွေအကန့်အသတ်တွေရှိနေကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်ဖို့ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော်ယာယီသမ္မတက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်က NUG ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုအသိပေးတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တာဖြစ်ပြီး အစိုးရပြုပြင်ပြောင်းလဲရေး ပထမအဆင့်ဖြစ်တဲ့ အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ပြီးစီးခဲ့ပြီလို့ ဆိုပါတယ်။
NUG ပြုပြင်ပြောင်းလဲရေးကို ပိုအားကောင်းတဲ့ မဟာမိတ်စုဖွဲ့မှုတွေနဲ့ ပြောင်းလဲဖွဲ့စည်းဖို့၊ မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှသည် တမျိုးသားလုံးရဲ့ ညီညွတ်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်အောင်၊ အထူးသဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာအောင် ကြိုးစားခဲ့ကြတယ် လို့ ပြောပါတယ်။
“အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရထံ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိချိန်မှာ အထွေထွေအကန့်အသတ်တွေရှိနေတာကို သိရှိခဲ့ရပါတယ်။ စိစစ်လေ့လာကြည့်လိုက်တဲ့အခါမှာ၊ နှစ်ပေါင်း ၆ဝ ကျော်ကြာ ပြည်တွင်းစစ်ဟာ သမိုင်းဆိုင်ရာ အငြှိုးနဲ့ လူမျိုးရေးအမုန်း၊ အာဃာတတွေကို အဓိကပေါက်ဖွားစေရာ ရေခံမြေခံဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက်က စစ်အာဏာရှင် အစိုးရတွေဟာ လူမျိုးရေးသွေးခွဲအုပ်ချုပ်မှုတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုပျက်ပြားအောင် လုံ့လထုတ်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါတင်မကပါဘူး။ ကျနော်တို့နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ ပါဝါအားပြိုင်ရာ ပထဝီအခင်းအကျင်းရဲ့ ဒဏ်ကိုလည်း ခံစားခဲ့ရတာတွေ့ရပါတယ်။ အထူးသဖြင့် ပထဝီနိုင်ငံရေးရဲ့ အကန့်အသတ်တွေဟာ ကျနော်တို့နိုင်ငံမှာ ညီညွတ်သော တော်လှန်ရေးအင်အားစုကြီး မပေါ်ထွက်နိုင်အောင် အဓိက တားဆီးနေတာတွေ့ရပါတယ်။ ဒေသတွင်း နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်း နိုင်ငံကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားအထိုင် စဉ်းစားချက်တွေက ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ စုစည်းညီညွတ်မှုကို ကြိုးကိုင်ခြယ်လှယ်နေတာတွေ့ရပါတယ်” လို့ ပြောပါတယ်။
ပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စုဖွဲ့လက်တွဲမှုမျိုးကို ဒီနေ့အထိ မလုပ်နိုင်သေးဘူးလို့ ယာယီသမ္မတက ဝန်ခံပြီး အစိုးရအနေနဲ့ လူထုအကျိုးနဲ့ တော်လှန်ရေးအောင်မြင်မှုတွေရဖို့ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့ တွန့်ဆုတ်ခဲ့တာမရှိသလို ဆက်လုပ်သွားမယ် လို့လည်း ပြောပါတယ်။
အစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ CRPH ဥက္ကဋ္ဌတို့ ဦးဆောင်ပြီး အခု ဖွဲ့စည်းပုံပြောင်းတာဟာ ပထမအဆင့်ဖြစ်သလို ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးက လက်ရှိ NUG အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ ကိုယ်စားပြုမှုအားကောင်းတဲ့ အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့၊ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စုကိုဖြုတ်ချပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်ကို ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က အစိုးရသက်တမ်း ၄ နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနအလိုက် စွမ်းဆောင်ရည်တွေကို ချက်ကျလက်ကျ စိစစ်သုံးသပ်ခဲ့ပြီး ရလဒ်တွေအပေါ် မူတည်လို့ ဌာနတခုချင်းစီအလိုက် ချမှတ်ခဲ့တဲ့ မဟာဗျူဟာသစ်တွေနဲ့အတူ တချို့ ဝန်ကြီးဌာနတွေကို ဖျက်သိမ်း၊ တချို့ကို ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။
ဒီ ပြုပြင်ပြောင်းလဲမှု ရလဒ်အသေးစိတ်ကို ပြည်ထောင်စုဝန်ကြီးချုပ်ကနေ လူထုကို တင်ပြမယ်လို့လည်း သူက အသိပေးပါတယ်။
နိုင်ငံတော်ယာယီသမ္မတက “ပြည်သူတရပ်လုံးဟာ ဒုက္ခတောထဲကနေ ကျနော်တို့ အစိုးရတဖွဲ့လုံးကို မျှော်လင့်နေကြတယ်ဆိုတာ နားလည်သဘောပေါက်ပြီဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြုပြင်ပြောင်းလဲမှုအပေါ်မှာ ပြည်သူတွေဟာ အားမလို အားမရ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျှော်လင့်ချက်နဲ့ ထပ်တူမကျဘူးလို့လည်း ယူဆကောင်းယူဆနိုင်ပါတယ်။ ပြည်သူ့စိတ်အလိုမကျမှုတွေကြောင့်၊ ပြစ်တင်ဝေဖန်မယ်ဆိုရင်လည်း ကျနော်တို့ကို လွတ်လပ်ပွင့်လင်းစွာ ဝေဖန်နိုင်ကြောင်း ပြောကြားလိုပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လက်ရှိ အခြေအနေကိုလည်း ပြည်သူတရပ်လုံးကို မလိမ်မညာဘဲ အတိအလင်းပြောကြားချင်ပါတယ်။ ကျနော်တို့ဟာ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲမှု အရွေ့တခုဖြစ်လာအောင် များစွာကြိုးစားခဲ့ကြရပါတယ်။ ဒါ့အပြင် ပိုမိုစုံလင်တဲ့ စုဖွဲ့ဦးဆောင်မှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းချိန်မှစပြီး ချီတက်လိုပေမယ့် တော်လှန်ရေးအင်အားစုကြီးတွေရဲ့ ကာယကံမြောက်ဦးဆောင်ပါဝင်မှုဖြစ်လာဖို့ စိန်ခေါ်ချက်တွေ၊ အတားအဆီးတွေနဲ့ အကန့်အသတ်တွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဆက်လက်အားစိုက် ကြိုးစားမည်ဖြစ်ကြောင်း ထပ်မံကတိပေးလိုပါတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိရဲ့ အတ္တနဲ့ မိမိရဲ့လမ်းစဉ်တွေကို တရားသေ ဆုပ်ကိုင် မထားဘဲ ပြည်သူ့အကျိုးစီးပွားအတွက် ပြည်သူ့ဒုက္ခတွေကိုငဲ့ပြီး အချင်းချင်း ညီညွတ်ရေးကို ဗဟိုပြုကြဖို့ အထူးမေတ္တာရပ်ခံလိုက်ပြီး အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲ ဒုတိယဖြစ်စဉ်ကိုလည်း စတင်နေပြီလို့ ပြောပါတယ်။
ပြီးတော့ NUG မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့၊ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ ပေးဆပ်အနစ်နာခံတာတွေအပေါ်မှာ အသိအမှတ်ပြုတယ်လို့လည်း ပြောပါတယ်။


