
ဘရာဇီးရဲတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်က မြို့တော် ဆော်ပေါ်လိုရှိ မာရီယို ဒီးအန်ဒြာဒီ စာကြည့်တိုက်က အနုပညာလက်ရာတွေ ခိုးယူမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိစရာ အမျိုးသားတယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဘရာဇီးအေဂျင်စီက ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဖြစ်ရပ်အတွင်းမှာ ကျူးလွန်သူတွေကို မှတ်တမ်းရိုက်ယူထားတဲ့ လုံခြုံရေး ကင်မရာမှတ်တမ်း ကတဆင့် အဲဒီအမျိုးသားကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခိုးယူမှုမှာ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံရတဲ့ ဒုတိယမြောက်ပုဂ္ဂိုလ်ကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားပါတယ်။
တနင်္ဂနွေနေ့က ပြင်သစ်အနုပညာရှင် အောရီ မာတစ္စရဲ့ ထွင်းခြစ်ရေးသားထားတဲ့ ပန်းချီလက်ရာ ၈ ခုနဲ့ ဘရာဇီး ခေတ်သစ်ပန်းချီဆရာ ကန်ဒစ်ဒို ပိုတစ်နာရီရဲ့ ပုံနှိပ်ပန်းချီလက်ရာ ၅ ခုကို စာကြည့်တိုက်ကနေ ခိုးယူခံခဲ့ရတာပါ။
အဲဒီအနုပညာလက်ရာတွေဟာ ဆော်ပေါ်လို ခေတ်သစ်အနုပညာပြတိုက်နဲ့ ပူးတွဲပြပွဲရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ သံသယရှိသူ နှစ်ယောက်ဟာ စာကြည့်တိုက်ထဲကို ဝင်ရောက်ကာ လုံခြုံရေးအစောင့်တယောက်နဲ့ ဧည့်သည်နှစ်ယောက်ကို ဖမ်းဆီးပြီး အနုပညာလက်ရာတွေနဲ့အတူ အဓိကဝင်ပေါက်ကတဆင့် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ရဲတွေ ထူထူထပ်ထပ် ချထားတဲ့ ဆော်ပေါ်လို မြို့တော်ခန်းမဘေးမှာ ဒီလို အနုပညာအမွေအနှစ်နဲ့ အံ့မခန်းပန်းချီကားတွေနဲ့ ခိုးယူခံရတဲ့အပေါ် စိတ်ပျက်မိကြောင်း ဒေသခံ အရောင်းမန်နေဂျာ နီလ်ဆန် ရီဘေရိုက ပြောပါတယ်။
ဆော်ပေါ်လို ခေတ်သစ်အနုပညာပြတိုက်ရဲ့ ပြတိုက်မှူးချုပ် ကောင်အဲ အယ်လ်ဗက်စ်က မာတစ္စရဲ့ အနုပညာလက်ရာတွေ ခိုးယူခံရမှုကို အထူးသဖြင့် ပစ်မှတ်ထား လုပ်ရပ်တခုအဖြစ် ဖော်ပြပါတယ်။
ဒီပြပွဲရဲ့ အထူးညွှန်းဆိုတဲ့ လက်ရာရှင်က အောရီ မာတစ္စ ဖြစ်ပြီး သူ့ရဲ့ အထူးခြားဆုံး အလွန်အရေးပါတဲ့ အနုပညာလက်ရာ ဖြစ်တာကြောင့် ဝင်ပေါက်မှာ ဦးစွာပြသထားပေမဲ့ ဒါကိုမှ ရွေးချယ်ယူဆောင်တာဟာ ကြုံရာကျပန်း လုပ်သွားတာမျိုး မဟုတ်ဘူးလို့ ယူဆကြောင်း အယ်လ်ဗက်စ်က ဆိုပါတယ်။
အယ်လ်ဗက်စ်ဟာ ပါရီမြို့ရှိ လုဗ်ပြတိုက်မှာ မကြာသေးခင်က ထင်ရှားတဲ့ အနုပညာပစ္စည်း လုယက်မှုနဲ့ နှိုင်းယှဉ်ကာ ခိုးယူမှုက ပိုမိုကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လာတာတွေကို ထောက်ပြခဲ့ပါတယ်။
ခိုးယူခံရတဲ့ ပစ္စည်းတွေကို နိုင်ငံတကာမှာ ရောင်းချခြင်းမှ ကာကွယ်ဖို့ ဆော်ပေါ်လိုအစိုးရဟာ အင်တာပိုလ်ကို ဆက်သွယ်ခဲ့ကြောင်း ဘရာဇီးအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
Source: Reuters


