
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ရှိ ၇ ထပ်မြင့် အဆောက်အအုံတခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀ သေဆုံးခဲ့ကြောင်း အရာရှိတယောက်က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
မီးငြိမ်းသွားပြီဖြစ်ပြီး အဆောက်အအုံအတွင်း နောက်ထပ်ဖြစ်နိုင်ခြေရှိတဲ့ ဘေးသင့်ထိခိုက်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ဗဟိုဂျကာတာရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ ဆူဆာတီယို ပူရ်နိုမို ဂျွန်ဒရိုက သတင်းထောက်တွေကို ပြောပါတယ်။
မီးဟာ ပထမထပ်မှာ နေ့လယ်လောက်က စတင်လောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်တွေကိုပါ ကူးစက်သွားခဲ့တယ်လို့ ဂျွန်ဒရိုက ပြောပါတယ်။
အဲဒီအချိန်မှာ ဝန်ထမ်းတချို့ဟာ အဆောက်အအုံထဲမှာ နေ့လယ်စာ စားနေကြပြီး တချို့ကတော့ ရုံးခန်းကနေ ထွက်သွားကြတယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူဦးရေဟာ ၂၀ အထိ ရှိလာပြီလို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“လက်ရှိမှာ သေဆုံးသူ အယောက် ၂၀ ကို အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက် ပါဝင်တဲ့ အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ ဘေးသင့်သူတွေကို ရွှေ့ပြောင်းပေးခြင်းနဲ့ မီးငြိမ်းသတ်ခြင်းတို့ကို အာရုံစိုက်နေပါတယ်” လို့လည်း သူက ဆိုပါတယ်။
အဲဒီအဆောက်အအုံမှာ အလုပ်လုပ်တဲ့ အသက်ရှင်ကျန်ရစ်သူ ဒီမစ်ထရီက ပထမထပ်မှာ ဘက်ထရီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်က သူတို့က ပဉ္စမထပ်မှာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။
အောက်ထပ်ကိုဆင်းဖို့ ပစ္စည်းတွေ ပြင်ဆင်ပြီးသွားချိန်မှာ အောက်ကနေ မီးခိုးတွေထွက်နေတာကို တွေ့လိုက်ရတော့ လေဝင်လေထွက် ကောင်းအောင် အပေါ်ထပ်ကို တက်သွားခဲ့ကြပြီး အပေါ်ထပ်မှာ မိနစ် ၃၀ လောက် နေခဲ့ရကြောင်းနဲ့ မီးခိုးတွေ တလိပ်လိပ်တက်နေပြီး ဘာမှ မလုပ်နိုင်တော့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အဲဒီအဆောက်အအုံဟာ တဲရာ ဒရုန်း အင်ဒိုနီးရှားရုံးခန်းဖြစ်ပြီး သတ္တုတူးဖော်ရေးကနေ စိုက်ပျိုးရေးကဏ္ဍအထိ ဖောက်သည်တွေနဲ့အတူ လေကြောင်းစစ်တမ်းကောက်ယူမှု လုပ်ငန်းတွေ အတွက် ဒရုန်းတွေကို ပံ့ပိုးပေးပါတယ်။
ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်အရ ကုမ္ပဏီဟာ ဂျပန်ဒရုန်းကုမ္ပဏီဖြစ်တဲ့ တဲရာ ဒရုန်း ကော်ပိုရေးရှင်းရဲ့ အင်ဒိုနီးရှားဌာနခွဲ ဖြစ်ပါတယ်။
ကုမ္ပဏီ ၂ ခုစလုံးဟာ အီးမေးလ်မှတဆင့် မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
Source: Reuters


