
မိုဆာလာအနေနဲ့ အမှားကိုဝန်ခံမှသာ နှစ်ဦးနှစ်ဖက် အဆင်ပြေရေး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောပါတယ်။
ဆာလာဟာ ၃ ပွဲဆက်တိုက် ပွဲထွက်ကစားခွင့် မရခဲ့တာနဲ့ ပတ်သက်လို့ အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ဝေဖန်ခဲ့ပြီး တစုံတယောက်က သူ့ကို အသင်းကနေ ထွက်ခွါစေချင်တဲ့ဆန္ဒ ရှိနေကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။
အဲဒီနောက် အင်တာမီလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နည်းပြစလော့က ဆာလာကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
လူတိုင်းက အမှားနဲ့ မကင်းကြပေမဲ့ ကိုယ်အမှားလုပ်ခဲ့တာကို သိရှိဝန်ခံဖို့ လိုအပ်ကြောင်းနဲ့ ဆာလာအနေနဲ့ အမှားဝန်ခံမယ်ဆိုရင် အသင်းမှာအဆင်ပြေဖို့ မိမိဘက်က စတင်ပြောဆိုဖို့ အသင့်ရှိကြောင်း နည်းပြစလော့က ပြောသွားတာပါ။
လီဗာပူးအသင်းအနေနဲ့ စီနီယာကစားသမား ၁၃ ယောက်ပဲ ရှိချိန်မှာ ၁၀ ရက်အတွင်း ၄ ပွဲ ကစားခဲ့ရပြီး အင်တာမီလန်ကို အနိုင်ယူနိုင်ခဲ့တဲ့အပေါ် ကစားသမားတွေအတွက် ဂုဏ်ယူကြောင်းလည်း ပြောသွားပါတယ်။


