
လီဗာပူးအသင်းမှာ မိုဆာလာရဲ့အနာဂတ် ဆက်ရှိဦးမလားဆိုတာ မပြောနိုင်သေးကြောင်း နည်းပြ အာနဲစလော့က မှတ်ချက်ပေးသွားပါတယ်။
ဆာလာဟာ အင်တာမီလန်နဲ့ ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အသင်းမှာ ဆာလာရဲ့အနာဂတ် ဆက်ရှိမလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြစလော့က ဖြေကြားဖို့ ငြင်းဆန်ခဲ့တာပါ။
ဆာလာဟာ အသင်းရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ဘဲ တပွဲပဲ လူစားဝင်ကစားခွင့်ရတဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး လီဗာပူးအသင်းက တစုံတယောက်က သူ့ကို အသင်းမှာ ဆက်နေလို့မရအောင် လုပ်ဆောင်နေကြောင်း လူသိရှင်ကြား ပြောခဲ့တာပါ။
ဆာလာအနေနဲ့ လီဗာပူးအတွက် ဆက်ကစားဖို့ အခွင့်အရေး ရှိပါဦးမလားဆိုတဲ့ မေးခွန်းအပေါ် ဖြေကြားစရာ မရှိကြောင်းနဲ့ လက်ရှိအချိန်မှာ အဲဒီမေးခွန်းအတွက် အဖြေမရှိသေးကြောင်း နည်းပြစလော့က ပြောပါတယ်။
ဆာလာအနေနဲ့ သူ့ရဲ့ခံစားချက်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ပေမဲ့ အသင်းတသင်းအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာအရ တုံ့ပြန်သွားဖို့လိုအပ်ပြီး အဲဒါကြောင့် ချန်ပီယံလိဂ်ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ကြောင်း နည်းပြစလော့က ပြောသွားပါတယ်။


