
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တောင်ခြမ်းမှာရှိတဲ့ မုဌောရွာအနီး ချင်းတွင်းမြစ်ကမ်းကို ဒီဇင်ဘာ ၉ ရက် နေ့ခင်း ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဗုံးသီးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တံတားဦးလေဆိပ်ကတက်လာတဲ့ စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က ဗုံးသီးချသွားတာဖြစ်ပြီး အမျိုးသမီး တယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်။
ဒေသခံရွာသားတယောက်က “မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲကို လာကြဲချသွားတာဗျ။ ကနဦး ဗုံးသီးအတွဲလိုက်ကြဲချသွားပြီး နောက်ဆုံးတကြိမ်မှာ Rocket နဲ့ ပစ်သွားတာ။ အဲလိုပစ်လို့ မုဌောမြောက်ရွာက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိသလို ဆိပ်ကမ်းမှာကပ်ထားတဲ့ စက်လှေ ၂ စီးလည်း မြစ်ထဲမြုပ်သွားတယ်။ ကျန်တာကတော့ အထိအခိုက်မရှိဘူး” လို့ ပြောပါတယ်။
စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးနယ်မြေအတွင်း ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်ဖို့ အခုလို လေယာဉ်နဲ့ ဗုံးကြဲချတာ ဖြစ်နိုင်တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။
“အရင်က ကနီ ကူးတို့ဆိပ်ကမ်းကနေ မြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ကုန်စည်ဖြန့်ဖြူးတာတွေ လုပ်ကြတယ်။ အခု စစ်တပ်အာဏာသိမ်းလိုက်တော့ ကနီမြို့ကနေ ဘယ်ပြည်သူကမှ ဖြတ်သန်းသွားလာမှု မလုပ်ကြတော့ဘူး။ မုဌေါ-နတ်ကြီး ကူးတို့ဆိပ်ကမ်းကနေပဲ အသွားအလာလုပ်ကြတယ်။ အဲဒါကို မကြိုက်လို့ စစ်တပ်က အကြိမ်ကြိမ် ဗုံးကြဲနေတာလို့ ပြောရမယ်။ အခုလည်း မြေပြင်မှာ ဘာစစ်ရေးပစ်မှတ်မှ မရှိဘဲကို ကြဲချသွားတာ။ တိုက်ပွဲလည်း မဖြစ်ပါဘူး။ အလကားသက်သက်ကြီး လာကြဲချသွားတာ။”
စစ်တပ်က လေယာဥ်တက်လာရင် ဘယ်အရပ်ကပဲဖြစ်ဖြစ် မပေါ့ဆကြဖို့နဲ့ သတိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့က ပြည်သူတွေကို မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
ဒီဇင်ဘာ ၈ ရက် နေ့ခင်းပိုင်းနဲ့ ညပိုင်းကလည်း ကနီမြို့နယ်အနီးက မင်းကင်းမြို့နယ်အတွင်းကို စစ်တပ်က လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲချလို့ ပြည်သူတွေ သေဆုံး ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။


