
ကလေးတွေ ဆိုရှယ်မီဒီယာ အလွန်အကျွံသုံးစွဲတာဟာ အာရုံစူးစိုက်မှုကို ထိခိုက်စေပြီး ADHD လို့ ခေါ်တဲ့ အာရုံစူးစိုက်မှုလျော့နည်းပြီး ဂနာမငြိမ်ဖြစ်တဲ့ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာစေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။
ဆွီဒင်နိုင်ငံ Karolinska Institute နဲ့ အမေရိကန် Oregon Health & Science University တို့ ပူးပေါင်းပြီး အမေရိကန်က အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်ကြား ကလေး ၈,၃၀၀ ကျော်ကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုဂိမ်းကစားတာနဲ့ ရုပ်သံကြည့်တာတွေက အာရုံစူးစိုက်မှုအပေါ် သက်ရောက်မှုမရှိပေမဲ့၊ ဆိုရှယ်မီဒီယာသုံးစွဲမှုကတော့ ကလေးတွေမှာ အာရုံမစိုက်နိုင်တဲ့ လက္ခဏာတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ပါမောက္ခ တော်ကယ်လ် ကလင်းဘာ့ဂ် (Torkel Klingberg) က "ကျနော်တို့ရဲ့ လေ့လာမှုအရ ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေတာက အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်ကြောင်း တွေ့ရှိရပါတယ်" လို့ ပြောပါတယ်။
"ဆိုရှယ်မီဒီယာမှာ မက်ဆေ့ချ်တွေနဲ့ အကြောင်းကြားစာ (notifications) တွေ အဆက်မပြတ်ဝင်ရောက်နေတာက စိတ်အနှောင့်အယှက်ဖြစ်စေပြီး၊ မက်ဆေ့ချ်ဝင်လာမလားဆိုတဲ့ အတွေးတခုတည်းနဲ့တင် စိတ်အာရုံလွင့်ပါးစေပါတယ်" လို့ သူက ရှင်းပြပါတယ်။ ၏
ကလေးတွေဟာ အသက် ၉ နှစ်အရွယ်မှာ တနေ့ကို မိနစ် ၃၀ လောက်သာ သုံးစွဲရာကနေ အသက် ၁၃ နှစ်အရွယ်ရောက်ရင် ၂ နာရီခွဲလောက်အထိ တိုးမြှင့်သုံးစွဲလာကြတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
အမေရိကန်မှာ ၂၀၀၃-၀၇ ကာလတွေတုန်းက ကလေးတွေကြား ADHD ဖြစ်ပွားမှု ၉ ဒသမ ၅ ရာခိုင်နှုန်းရှိရာကနေ၊ ၂၀၂၀-၂၂ မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေအရ နည်းပညာကုမ္ပဏီတွေအနေနဲ့ အသက်အရွယ်စိစစ်တာတွေကို ပိုမိုတင်းကျပ်ဖို့နဲ့ ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ချမှတ်ပေးဖို့ လိုအပ်နေကြောင်း သုတေသနပညာရှင်တွေက တိုက်တွန်းထားပါတယ်။
Source:Reuters


