
ဂီနီဘစ်ဆာ စစ်အာဏာသိမ်းမှုနဲ့ အာဖရိက အာဏာသူခိုးတွေသမိုင်း၊ ဩစတြေးလျက ကမ္ဘာ့ပထမဆုံး ၁၈ နှစ်အောက် ဆိုရှယ်မီဒီယာပိတ်ပင်မှုနဲ့ အရှေ့တောင်အာရှက သယံဇာတ ကျိန်စာသင့် မြစ်တစင်း အကြောင်းတွေ တင်ဆက်ပေးချင်ပါတယ်။
(၁) အာဖရိကတိုက်မှ အာဏာသူခိုးစစ်တပ်အကြောင်း
အာဖရိကတိုက်မှာ စစ်တပ်က အာဏာသိမ်းတဲ့ခေတ်ဆိုးကြီး တကျော့ပြန်လာခဲ့ပြန်ပါပြီ။ အာဖရိက အနောက်ပိုင်းက ဂီနီဘစ်ဆာနိုင်ငံမှာ ရွေးကောက်ပွဲရလဒ် မကြေညာခင် စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒါဟာ ၂၀၁၇ နောက်ပိုင်း ကမ္ဘာမှာ ၁၉ ကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်ပြီး မြန်မာပြည်က မင်းအောင်လှိုင် အာဏာလုတဲ့ တကြိမ်ကလွဲရင် ကျန် ၁၈ ကြိမ်စလုံး အာဖရိကမှာ ဖြစ်ခဲ့တာပါ။
လူဦးရေ ၂ သန်းလောက်ပဲရှိတဲ့ ဒီနိုင်ငံက အာဏာသူခိုးစစ်တပ်ကလည်း ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြန်ပါတယ်။ အကျင့်ပျက် နိုင်ငံရေးသမားတွေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေ လက်ထဲကနေ တိုင်းပြည်ကို ကယ်တင်တာလို့ ဆိုပါတယ်။ အသွင်ကူးပြောင်းရေးသမ္မတ တနှစ်ပဲ လုပ်ပါမယ်လို့ စစ်ဗိုလ်ချုပ် ဟော်တာအမ်တမ်က ကြေညာပါတယ်။ ရေမြေခြားပေမဲ့ ဗြောင်လိမ် ဗြောင်စား လုပ်တာချင်းကတော့ ညီအစ်ကိုရင်းတွေပမာ တူညီလွန်းလှပါတယ်။
အာဏာသိမ်းကောင်စီနာမည် “High Military Command for the Restoration of National Security and Public Order” ဆိုတာကလည်း မြန်မာပြည်က နဝတ (SLORC) နာမည်နဲ့ တော်တော်ဆင်ပါတယ်။ ဂီနီဘစ်ဆာဟာ ၁၉၇၄ လွတ်လပ်ရေးရပြီးကတည်းက အာဏာသိမ်းမှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု ၉ ကြိမ်ထက်မနည်း ကြုံခဲ့ရဖူးပါတယ်။ ကိုကင်းမူးယစ်ဆေးဝါး ပို့ဆောင်ရာ လမ်းကြောင်းဖြစ်နေလို့ ကုလသမဂ္ဂက “Narco State” (မူးယစ်နိုင်ငံ) လို့တောင် သတ်မှတ်ခဲ့ဖူးပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကတော့ ဒါကို ဖွဲ့စည်းပုံနဲ့မညီတဲ့ အစိုးရပြောင်းလဲမှုလို့ ရှုတ်ချထားပြီး အရပ်သားအုပ်ချုပ်မှု ပြန်ကျင့်သုံးဖို့ တောင်းဆိုထားပါတယ်။
ဆာဟယ်လ်ဒေသက အာဏာသိမ်းလှိုင်းသစ်
အာဏာသိမ်းတယ် (Coup) ဆိုတာ စစ်တပ် ဒါမှမဟုတ် နိုင်ငံတွင်းက တခြားဩဇာရှိတဲ့ အီလစ် (Elite) အသိုက်အဝန်းကနေ လက်ရှိခေါင်းဆောင်ကို ဖြုတ်ချဖို့ တရားမဝင်ကြိုးပမ်းတာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေကစလို့ အာဖရိကမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု အကြိမ် ၂၀၀ ကျော် ရှိခဲ့ပြီး ထက်ဝက်လောက် အောင်မြင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ လျော့နည်းသွားပေမဲ့ ၂၀၂၀ နောက်ပိုင်းမှာတော့ ဆာဟယ်လ်ဒေသကနေ အတ္တလန္တိတ် ကမ်းရိုးတန်းအထိ အာဏာသိမ်းလှိုင်းသစ် ရိုက်ခတ်လာပါတယ်။
မာလီ၊ ချဒ်၊ ဂီနီ၊ ဆူဒန်၊ နိုင်ဂျာ၊ ဘာကီနာဖာဆိုနဲ့ ဂါဘွန် နိုင်ငံတွေမှာ စစ်တပ်အာဏာသိမ်းတာတွေ ဆက်တိုက်ဖြစ်လာလို့ ဒီဒေသကို “Coup Belt” (အာဏာသိမ်းရပ်ဝန်း) လို့ သုံးနှုန်းကြပါတယ်။ ဘာကီနာဖာဆို မှာဆိုရင် တနှစ်တည်းမှာတင် အာဏာသိမ်းမှု ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ အာဏာရှင်မိသားစုဆီကနေ စစ်တပ်အာဏာပြန်သိမ်းတာမျိုးလည်း ၂၀၂၃ တုန်းက ဂါဘွန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းမှုတွေ ဘာကြောင့်ပြန်များလာသလဲ
ပြည်သူအများစုဟာ အကျင့်ပျက်ခြစားမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အစိုးရဝန်ဆောင်မှု ညံ့ဖျင်းတာတွေကြောင့် စိတ်ပျက်နေကြသလို ဆာဟယ်လ်ဒေသမှာ ဂျီဟတ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံစားနေရပါတယ်။ အရပ်သားသမ္မတ တချို့ကလည်း အာဏာမြဲဖို့ ဖွဲ့စည်းပုံပြင်တာ၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာတွေ လုပ်လာတော့ ယုံကြည်မှုကျဆင်းပြီး စစ်ဗိုလ်ချုပ်တွေအတွက် သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ပုံဖော်ဖို့ လွယ်ကူသွားစေပါတယ်။
ပထဝီနိုင်ငံရေး အကွဲအပြဲတွေကြောင့် နိုင်ငံတကာ ပူပေါင်းဆောင်ရွက်ရေးမှာ ထိခိုက်လာသလို ကိုယ့်လုပ်ရပ်အတွက် ဒဏ်ခတ်မခံရဘူး၊ တာဝန်ခံစရာမလိုဘူး၊ လုပ်ချင်တာလုပ်လို့ရတယ်လို့ ခံစားရလာတာကြောင့် အာဏာသိမ်းမှုတွေ ပြန်ဖြစ်လာတာလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ၂၀၂၁ တုန်းက ပြောခဲ့ဖူးပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အားနည်းလာတယ်၊ နိုင်ငံကြီးတွေကလည်း ကိုယ်လက်သပ်မွေးလို့ရရင်၊ ကိုယ်အမြတ်ထုတ်လို့ရရင် အဆင်ပြေပြီလို့ သဘောထားကြတယ်၊ အိမ်နီးချင်းတွေကလည်း ကိုယ့်အကျိုးစီးပွားဆိုတဲ့ ရှုထောင့်ကပဲ ကြည့်ကြတဲ့အချိန်မှာတော့ လက်နက်ရှိရင် ထင်ရာစိုင်းလို့ရတဲ့ဆိုတဲ့ တောရိုင်းဝါဒဟာ တကျော့ပြန် အားကောင်းလာခဲ့ပြီး စစ်အာဏာရှင်တွေ ခေါင်းထောင်လာခဲ့တာ ဖြစ်ပါတယ်။
သေနတ်ပြောင်းဝက အာဏာသိမ်းမှုကနေ လူမှုကွန်ရက် အသိမ်းခံရတော့မဲ့ ဆယ်ကျော်သက်တွေအကြောင်း ဆက်ကြည့်ရအောင်ပါ။
(၂) ကမ္ဘာ့ပထမဆုံး ၁၆ နှစ်အောက် လူမှုကွန်ရက်ပိတ်ပင်မှု အလုပ်ဖြစ်နိုင်သလား
သြစတြေးလျနိုင်ငံမှာ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်က စပြီး ၁၆ နှစ်အောက် ဘယ်သူမဆို ထင်ရှားတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ အကောင့်ဖွင့်သုံးစွဲခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ ကလေးတွေကို အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ စွဲလမ်းမှုတွေကနေ ကာကွယ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ မလိုက်နာတဲ့ ကုမ္ပဏီတွေဟာ သြစတြေးလျဒေါ်လာ ၄၉ သန်းခွဲ (အမေရိကန်ဒေါ်လာ ၃၂ သန်းဝန်းကျင်) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။
ဘယ်လူမှုကွန်ရက်တွေ ကန့်သတ်ခံရသလဲ
ဒီပိတ်ပင်မှုမှာ Instagram, Facebook, TikTok, Snapchat, X, Reddit နဲ့ Twitch လို ပလက်ဖောင်းကြီးတွေ အားလုံး အကျုံးဝင်ပါတယ်။ ကလေးတွေအနေနဲ့ YouTube ဗီဒီယို ကြည့်တာလိုမျိုး အကောင့်ဝင်စရာမလိုတဲ့ အကြောင်းအရာတွေကိုတော့ ကြည့်ခွင့်ရဦးမှာပါ။ ဒါပေမဲ့ အကောင့်ဖွင့်တာ၊ ဗီဒီယိုတင်တာ၊ မှတ်ချက်ရေးတာနဲ့ Followers စုတာမျိုးတွေကိုတော့ လုပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ချိုးဖောက်ခဲ့ရင်လည်း ကလေးတွေနဲ့ မိဘတွေကို ဒဏ်ငွေရိုက်တာ၊ အပြစ်ပေးတာမျိုး လုပ်မှာမဟုတ်ဘဲနဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကိုပဲ အရေးယူမှာဖြစ်ပြီး သူတို့တွေအပေါ်မှာ ဥပဒေရအရ တားဆီးဖို့ တာဝန်ရှိမှာဖြစ်ပါတယ်။
ဘာကြောင့် ပိတ်ပင်ဖို့လုပ်သလဲ
သုတေသနတွေအရ ၁၀ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၉၆ ရာခိုင်နှုန်းဟာ ဆိုရှယ်မီဒီယာ သုံးစွဲနေကြပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်း တခုမဟုတ်တခုကို သုံးနေကြတာ တွေ့ရပါတယ်။
၁၀ ယောက်မှာ ၇ ယောက်လောက်က အမျိုးသမီးတွေကို မလိုမုန်းထားခွဲခြားတဲ့ ပို့စ်တွေ၊ အကြမ်းဖက် ရန်ပွဲ ဗီဒီယိုတွေကနေ အစားအသောက်ပုံစံ မူမမှန်တာတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်စေတဲ့ အကြောင်းအရာတွေအထိ အန္တရာယ်ရှိတဲ့ အရာတွေကို မြင်ဖူးတယ်လို့ ဖြေဆိုကြပါတယ်။
ထက်ဝက်ကျော်က အွန်လိုင်းအနိုင်ကျင့်မှု (Cyberbullying) ကို ကြုံဖူးပြီး ၇ ယောက်မှာ ၁ ယောက်လောက်က အသက်မပြည့်သူတွေကို လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်စည်းရုံးခံရတာ (Grooming လုပ်ခံရတာ) မျိုး ကြုံဖူးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အကောင့်မဖွင့်နိုင်ရင် အန္တရာယ်ရှိတဲ့ Algorithm စက်ကွင်းထဲကနေ ကလေးတွေကို ဆွဲထုတ်နိုင်မယ်လို့ ယူဆထားကြပါတယ်။
အသက် ဘယ်လိုစိစစ်မလဲ
ဒါပေမဲ့ App တခုအနေနဲ့ သုံးစွဲသူက ၁၅ နှစ်လား၊ ၂၅ နှစ်လားဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတာ မေးစရာရှိပါတယ်။ အခုချိန်ထိတော့ ပလက်ဖောင်းအများစုဟာ အကောင့်ဖွင့်ရင် ဖြည့်လိုက်တဲ့ မွေးသက္ကရာဇ်ကိုပဲ ယုံကြည်လက်ခံခဲ့ကြတာပါ။ အခုတော့ ဒါမျိုး မရတော့ပါဘူး။
ကုမ္ပဏီတွေဟာ “Age Assurance” လို့ခေါ်တဲ့ အသက်အတည်ပြု စနစ်ဘက်ကို ကူးပြောင်းလာကြပါတယ်။ အဲဒီထဲမှာ -
(၁) နိုင်ငံသားကတ် ဒါမှမဟုတ် နိုင်ငံကူးလက်မှတ်လို တရားဝင် ID တင်ခိုင်းတာ၊
(၂) ဘဏ်ကတ်နဲ့ ချိတ်ဆက်ထားတဲ့ အချက်အလက်တွေကို စစ်ဆေးတာ၊
(၃) ကိုယ့်မျက်နှာပုံကို ဗီဒီယိုရိုက်တင်ပြီး အသက်ဘယ်လောက်ရှိပြီလဲဆိုတာ AI နဲ့ ခန့်မှန်းတွက်ချက်တဲ့ Facial age estimation စနစ်ကို သုံးတာတွေ ပါဝင်နိုင်ပါတယ်။
Facebook နဲ့ Instagram ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကတော့ အသက်မပြည့်တဲ့ အကောင့်တွေကို စတင်ပိတ်သိမ်းသွားမယ်၊ တကယ်လို့ မှားယွင်းပိတ်သိမ်းတယ်လို့ ယူဆရင် ID ဒါမှမဟုတ် မျက်နှာဗီဒီယို ပေးပို့ပြီး အယူခံဝင်ခိုင်းမယ်လို့ ပြောထားပါတယ်။ Snapchat ကိုပိုင်တဲ့ Snap ကုမ္ပဏီကတော့ သုံးစွဲသူဟာ ဘယ်သူတွေနဲ့ စကားပြောနေသလဲ ဆိုတာကိုကြည့်ပြီး ၁၆ နှစ်အောက် ဟုတ်မဟုတ် ခန့်မှန်းမယ်၊ ပြီးရင်တော့ ဘဏ်ကတ် ဒါမှမဟုတ် ဇီဝအချက်အလက်တွေနဲ့ သက်သေပြခိုင်းမယ်လို့ ဆိုပါတယ်။
တကယ် အလုပ်ဖြစ်ပါ့မလား
ကောင်းတဲ့ဘက်ကကြည့်ရင် မိဘတွေအတွက် ဥပဒေအရ ကျောထောက်နောက်ခံ ရလာပါတယ်။ “ဒါ အိမ်ကထုတ်တဲ့စည်းကမ်း မဟုတ်ဘူး၊ ဥပဒေပဲ” လို့ ပြောလို့ရသွားပါပြီ။ ဒါပေမဲ့ ပြဿနာအကြီးကြီးတွေ ရှိနေတယ်လို့ ထောက်ပြတာလည်း ရှိပါတယ်။
ပထမအချက်က ဟာကွက်တွေပါ။ ဆယ်ကျော်သက်တွေက သူတို့တည်နေရာကို ဖျောက်ဖို့ VPN သုံးမယ့်အကြောင်း၊ ဒါမှမဟုတ် App တွေ ဆက်သုံးလို့ရအောင် အစ်ကို၊ အမတွေရဲ့ ID ကို ယူသုံးမယ့်အကြောင်း အခုကတည်းက ဆွေးနွေးနေကြပါပြီ။
ဒုတိယအချက်က နည်းပညာ မပြည့်စုံမှုပါ။ မျက်နှာကိုကြည့်ပြီး အသက်ခန့်မှန်းတဲ့ စနစ်က နှစ်အနည်းငယ်လောက် လွဲနိုင်ပါတယ်။ ဆိုလိုတာက ၁၅ နှစ်အရွယ်တချို့ အပိတ်ခံရနိုင်သလို ရုပ်ရင့်တဲ့ ၁၃ နှစ်အရွယ်တွေကျတော့ လွတ်သွားနိုင်ပါတယ်။
တတိယအချက်ကတော့ စည်းကမ်းသက်ရောက်မှု လွတ်ကင်းနေတဲ့ နေရာတွေပါ။ ဥပဒေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကိုပဲ အဓိကထားပြီး ဂိမ်းကစားတဲ့ ဝန်ဆောင်မှုတွေ၊ WhatsApp လို စာတိုပို့စနစ်တွေ၊ Discord လို နေရာမျိုးတွေကို မလွှမ်းခြုံပါဘူး။ အဲဒီနေရာတွေမှာလည်း အနိုင်ကျင့်တာတွေ၊ ကလေးတွေကို စည်းရုံးတာတွေ ဖြစ်ပျက်နေပါတယ်။
နောက်ဆုံးအချက်ကတော့ ကိုယ်ရေးအချက်အလက် လုံခြုံမှု (Privacy) ပါ။ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ကုမ္ပဏီတွေက သုံးစွဲသူ သန်းပေါင်းများစွာဆီက အရေးကြီး အချက်အလက်တွေ ရယူဖို့ လိုပါလိမ့်မယ်။ ဒေတာပေါက်ကြားမှုတွေ မကြာခဏ ကြုံထားရတဲ့ နိုင်ငံတခုအနေနဲ့ သြစတြေးလျ ပြည်သူအများစုဟာ သူတို့ရဲ့ ID အချက်အလက်တွေကို နည်းပညာ ကုမ္ပဏီကြီးတွေဆီ ပေးအပ်ဖို့ စိုးရိမ်နေကြပါတယ်။
အစိုးရကတော့ အသက်စစ်ဆေးဖို့ ရယူထားတဲ့ ဘယ်အချက်အလက်မဆို အတည်ပြုပြီးတာနဲ့ ဖျက်ပစ်ရမယ်၊ မဖျက်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ရှိမယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး အကောင့် သန်းပေါင်းများစွာ ပျောက်ကွယ်သွားတဲ့အခါ အန္တရာယ်တွေကရော အကောင့်တွေနဲ့အတူ ပျောက်သွားပါ့မလား၊ ဒါမှမဟုတ် စောင့်ကြည့်ဖို့ ပိုခက်တဲ့ အင်တာနက်ရဲ့ အမှောင်ဘက်ခြမ်းဆီ ရွေ့သွားမလား ဆိုတာတော့ သံသယရှိနေကြပါတယ်။
သြစတြေးလျနိုင်ငံဟာ ကလေးတွေကို အင်တာနက်ပေါ်မှာ ဘယ်လိုကြီးပြင်းခွင့်ပြုမလဲဆိုတဲ့ အပေါ် အလောင်းအစားကြီးတဲ့ စမ်းသပ်ချက်တခုကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုးပိတ်ပင်ဖို့ စီစဉ်နေတဲ့ တခြားနိုင်ငံတွေကလည်း ဩစတြေးလျ ဥပမာကို စောင့်ကြည့်နေကြပါတယ်။
နောက်ဆုံးတပုဒ်အနေနဲ့ အရှေ့တောင်အာရှက သယံဇာတ ကျိန်စာသင့် မြစ်တစင်းအကြောင်း ဆက်ကြည့်ရအောင်ပါ။
(၃) မြန်မာ့မြေရှား အဆိပ်သင့်မြစ်တစင်း
ထိုင်းမြောက်ပိုင်း၊ မြန်မာနယ်စပ်အနီး ထာ့တွန်း တောင်တန်းတွေကြားက နမ့်ခုတ်မြစ်ဟာ အရင်က ဒေသခံတွေရဲ့ အသက်သွေးကြော ဖြစ်ခဲ့ပါတယ်။ အခုတော့ အထက်ပိုင်း မြန်မာနိုင်ငံဘက်က သတ္တုတွင်းတွေကြောင့် ရေထုညစ်ညမ်းပြီး သုံးစွဲဖို့ မသင့်တော့ပါဘူး။
မဲခေါင်မြစ်လက်တက်တခုဖြစ်တဲ့ နမ့်ခုတ်မြစ်ဟာ ချင်းရိုင်းနဲ့ ချင်းမိုင်က စိုက်ခင်းတွေနဲ့ ကျေးရွာတွေကို အသက်ဆက်ပေးခဲ့တာ ရှေးယခင်ကတည်းက ဖြစ်ပါတယ်။
အခုတော့ အထက်ပိုင်း မြန်မာနိုင်ငံဘက်ခြမ်းက သတ္တုတွင်းတွေကြောင့် ရေထုညစ်ညမ်းနေပြီး ဒေသခံတွေကို မြစ်ရေမသုံးစွဲကြဖို့ အာဏာပိုင်တွေက သတိပေးထားရပါတယ်။
တောင်သူ တစ်ပ်ခမ်လူးဟာ အရင်က မြစ်ရေကို စုပ်တင်ပြီး စိုက်ခင်းထဲ တိုက်ရိုက်သွင်းလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစလို့ ရွှေဖရုံ၊ ကြက်သွန်ဖြူနဲ့ ပြောင်းစိုက်ဖို့အတွက် မြေအောက်ရေကို ပြောင်းသုံးခဲ့ရပါတယ်။
တောင်သူ တစ်ပ်ခမ်လူးက “ကျမရဲ့ ဘဝတဝက်လောက် သေဆုံးသွားသလို ခံစားရပါတယ်။ မြစ်ရေက ဒီလိုဖြစ်သွားတော့ စိုက်ခင်းတွေ ရေလောင်းဖို့ရော၊ တခြားဘာအတွက်မှ သုံးလို့မရတော့ပါဘူး။ ဒီရေကိုသုံးပြီး ဟင်းသီးဟင်းရွက်တွေ စိုက်မယ်ဆိုရင်လည်း ဘယ်သူမှ ဝယ်စားကြမှာ မဟုတ်ပါဘူး။ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို ကူညီဖြေရှင်းပေးစေချင်ရုံပါပဲ” လို့ ပြောပါတယ်။
အောက်ဘက်ပိုင်း ချင်းရိုင်းခရိုင်၊ နမ့်ခုတ်မြစ်နဲ့ မဲခေါင်မြစ်ဆုံရာ ရွာကလေးက တံငါသည်တွေလည်း ငါးဖမ်းလို့ မရသလောက် ဖြစ်နေပြီလို့ ပြောကြပါတယ်။
အသက် ၄၈ နှစ်အရွယ် ရေလုပ်သား ဆဝပ်ကယောက်ဒမ်က “မဲခေါင်မြစ်သာ စကားပြောတတ်ရင် ငိုမိမှာပါ။ အရင်က အမြဲရနေကျ ငါးတွေ အခုတော့ တကောင်မှ မမိတော့ဘူး” လို့ ညည်းတွားပါတယ်။
မြစ်ရေထဲမှာ ရွှေနဲ့ မြေရှားသတ္တု တူးဖော်မှုတွေနဲ့ ဆက်စပ်နေတဲ့ အာဆင်းနစ် (Arsenic) နဲ့ တခြား အဆိပ်သင့် ဓာတ်ပစ္စည်းတွေ ပါဝင်နေတာ တွေ့ရပါတယ်။
အမေရိကန်အခြေစိုက် Stimson Center ရဲ့ လေ့လာမှုအရ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းမှာ သတ္တုတွင်း ၂,၄၀၀ ကျော်ရှိပြီး အများစုက တရားမဝင်ပါဘူး။ သတ္တုတွင်းတွေက ဆိုင်ယာနိုက်၊ မာကျူရီနဲ့ အမိုနီယမ်ဆာလဖိတ် ဓာတုပစ္စည်းတွေဟာ မဲခေါင်၊ သံလွင်နဲ့ ဧရာဝတီ မြစ်ဝှမ်းတွေဆီ စီးဝင်ပြီး လူသန်းပေါင်းများစွာရဲ့ သောက်သုံးရေ၊ ငါးသယံဇာတ၊ စိုက်ပျိုးမြေတွေနဲ့ ဂေဟစနစ်ကို ခြိမ်းခြောက်နေပါတယ်။
Stimson Center မှ ဘရိုင်ယန်အိုင်းလားက “ဒီဇာတ်လမ်းက နမ့်ခုတ်မြစ်ထဲကို သက်ရောက်မှုရှိတဲ့ မြေရှားသတ္တုတွင်း ၂ ခုတည်းနဲ့ စခဲ့တာပါ။ အဲဒီသတ္တုတွင်းတွေက မြန်မာနိုင်ငံထဲမှာ ရှိပါတယ်။ မြစ်က ထိုင်းနိုင်ငံထဲ စီးဝင်ပြီး အဲဒီကမှတဆင့် မဲခေါင်မြစ်ထဲ ရောက်သွားတာပါ။ မြစ်က မကြီးပေမဲ့ လူသောင်းချီ မှီခိုနေရပြီး အခုတော့ လုံးဝ သုံးမရတဲ့ အနေအထား ဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ သုတေသနအရ ဒေသတွင်းက တခြား မြစ်လက်တက် အများအပြားမှာလည်း ဒီလို အဆိပ်သင့် ညစ်ညမ်းမှုမျိုး ကြုံနေရနိုင်ပါတယ်။ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ” လို့ ပြောပါတယ်။
သတ္တုတွင်းတွေက မသန့်စင်တဲ့ရေတွေကို မြစ်ထဲ တိုက်ရိုက်စွန့်ပစ်သလို ဓာတုပစ္စည်းတွေက မြေအောက်ရေကြောထဲထိ စိမ့်ဝင်သွားပါတယ်။
ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို မြန်မာဘက်နဲ့ရော မဲခေါင်မြစ်ကော်မရှင်မှာပါ တင်ပြထားပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေပေမဲ့ ဒေသခံတွေကတော့ အချိန်သိပ်မရှိတော့ဘူးလို့ သတိပေးနေပါတယ်။
တောင်သူတယောက်က “ကျမကတော့ နမ့်ခုတ်မြစ်ကြီးကို အရင်လို ပြန်ဖြစ်စေချင်ရုံပါပဲ။ တယောက်ယောက်က ကူညီပေးနိုင်မလားလို့ မျှော်လင့်မိပါတယ်” လို့ ဆိုပါတယ်။
အာဏာသိမ်းမှု၊ ကလေးတွေ ဆိုရှယ်မီဒီယာသုံးတာ ပိတ်ပင်မှုနဲ့ မြန်မာနိုင်ငံက သတ္တုတူးဖော်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံအထိပါ သက်ရောက်လာတဲ့ သယံဇာတ ကျိန်စာသင့်လာတဲ့ မြစ်တစင်းအကြောင်း တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
တကျော့ပြန် အားကောင်းလာတဲ့ စစ်အာဏာသိမ်းပွဲတွေကို နိုင်ငံတကာက ဘာကြောင့် ထိထိရောက်ရောက် မတားဆီးနိုင်တာလဲ။ ဩစတြေးလျလို ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ ပိတ်ပင်တာမျိုး မြန်မာပြည်မှာရော ကျင့်သုံးသင့်သလား၊ လက်တွေ့ရော ကျပါ့မလား။ ကိုယ်ကျိုးရှာ သတ္တုတူးဖော်မှုတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ မြစ်ချောင်းတွေအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ ဆိုတဲ့ မေးခွန်းတွေအတွက် DVB ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေလည်း comment မှာ မှတ်ချက်ရေးခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။
စိုင်းခေတ်နွေ


