Home
ရုပ်သံ
ငြိမ်းချမ်းရေး နိုဘယ်ဆု ဘယ်လို ရွေးသလဲ၊ ဘယ်သူရမလဲ၊ ထရမ့်ပ် ရနိုင်သလား 
DVB
·
October 8, 2025

အောက်တိုဘာလ ၁၀ ရက်နေ့ကျရင် ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘယ်သူလဲဆိုတာ သိရတော့မှာဖြစ်ပါတယ်။  ဒါကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဘယ်လို ရွေးသလဲ၊ ဘယ်သူတွေ ရေပန်းစားနေသလဲ၊ သမ္မတ ဒေါ်နယ်ထရမ့်ပ် နိုဘယ်ဆုရနိုင်သလားဆိုတာ လေ့လာကြည့်ကြမှာ ဖြစ်ပါတယ်။

အပိုင်း (၁) ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ဘယ်လိုရွေးသလဲ

ဒိုင်းနမိုက်ကို တီထွင်ခဲ့တဲ့ ၁၉ ရာစုက ဆွီဒင်စက်မှုလုပ်ငန်းရှင်ကြီး အဲလ်ဖရက်နိုဘယ်လ်ရဲ့ သေတမ်းစာနဲ့ အတူ ဒီဆုတွေ ပေါ်ပေါက်လာတယ်ဆိုတာတော့ အားလုံးသိကြပြီးဖြစ်ပါတယ်။ သူ့ရဲ့သေတမ်းစာအရ "လူသားမျိုးနွယ်အပေါ် အကြီးမားဆုံး အကျိုးကျေးဇူး"ရအောင် ဆောင်ရွက် ပေးသူတွေကို ဆုချီးမြှင့်ဖို့ သူ့ရဲ့ ကြွယ်ဝမှုတွေကို ထားရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၀၁ ခုနှစ်မှာ ပထမဆုံး စတင်ချီးမြှင့်ခဲ့တဲ့ ဆုတွေဟာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကမ္မဗေဒ ခေါ် ဆေးပညာ၊ စာပေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ နယ်ပယ်ငါးခုမှာ လူသားမျိုးနွယ်အပေါ် အကြီးမားဆုံး အကျိုးပြုသူတွေကို အသိအမှတ်ပြု ဂုဏ်ပြုဖို့ပဲ ဖြစ်ပါတယ်။  စီးပွားရေးနိုဘယ်ဆုကတော့ နောင်မှ ထပ်ထည့်ခဲ့တာပါ။

ဒီအထဲမှာမှ "နိုင်ငံတွေကြားမှာ ညီရင်းအစ်ကိုစိတ်ဓာတ် (fraternity between nations)" ကို မြှင့်တင်သူတွေကို ဂုဏ်ပြုဖို့  ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆန်ခါတင်စာရင်းဝင် ၃၃၈ ဦး ရှိပြီး အဲဒီထဲမှာ   အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဆက်မြောက်နဲ့ လက်ရှိ ၄၇ ဆက်မြောက်သမ္မတ ဒေါ်နယ်ထရမ့်က နာမည်အကြီးဆုံးဖြစ်နေပါတယ်။  

ဒီဆုအတွက် အမည်စာရင်းတင်သွင်းခွင့်ရှိသူတွေကတော့ အစိုးရအဖွဲ့ဝင်တွေ၊ ပါလီမန်အမတ်တွေ၊ နိုင်ငံအကြီးအကဲတွေ၊ တက္ကသိုလ်ကြီးတွေက သမိုင်း၊ လူမှုရေးသိပ္ပံ၊ ဥပဒေနဲ့ ဒဿနိကဗေဒ ပါမောက္ခတွေအပြင် အရင်က နိုဘယ်ဆုရခဲ့ဖူးသူတွေလို ကမ္ဘာတဝန်းက လူထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ကတော့ ဇန်နဝါရီ ၃၁ ရက်နေ့ ဖြစ်ပါတယ်။ ဒါပေမဲ့ တနှစ်တာ ဆန်ခါတင်စာရင်း အပြည့်အစုံကိုတော့ ဘယ်သူမှ သိခွင့်မရှိဘဲ နှစ် ၅၀ ကြာ လျှို့ဝှက်ထားလေ့ရှိပါတယ်။

ဆုရွေးချယ်ရေးလုပ်ငန်းစဉ်ကတော့ အရမ်းသေးစိတ်ပြီး လျှို့ဝှက်ပါတယ်။ နော်ဝေပါလီမန်က ခန့်အပ်ထားတဲ့ အဖွဲ့ဝင် ၅ ဦးပါ နော်ဝေနိုဘယ်ကော်မတီက နောက်ဆုံးဆုံးဖြတ်တာပါ။ ကော်မတီအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ပထမဆုံးအစည်းအဝေးမှာ ကိုယ်တိုင်လည်း အမည်စာရင်း တင်သွင်းနိုင်ပါသေးတယ်။ တနှစ်ပတ်လုံး အစည်းအဝေးတွေထိုင်ပြီး တင်သွင်းလာတဲ့ သူတွေထဲကနေ အရည်အချင်းအပြည့်မီဆုံးသူတွေကို ဆန်ခါတင်စာရင်း ပြန်ချုံ့ပါတယ်။ ပြီးရင် အမြဲတမ်းအကြံပေးတွေ၊ ကျွမ်းကျင်သူတွေက ဆန်ခါတင်တယောက်ချင်းစီကို အကဲဖြတ် စစ်ဆေးပါတယ်။ အောက်တိုဘာလမှာ ဆုရှင်ကို မကြေညာခင် ကော်မတီထဲ သဘောတူညီမှုရဖို့ ကြိုးစားပြီး သဘောကွဲလွဲရင်တော့ မဲခွဲပြီးတော့ မဲအများဆုံးရသူကို ရွေးချယ်တာ ဖြစ်ပါတယ်။

ဒါရိုက်တာ၊ နော်ဝေ နိုဘယ်လ် အင်စတီကျု ဒါရိုက်တာ   KRISTIAN BERG HARPVIKEN  က “ကျနော်တို့ ဆန်ခါတင် အမည်စာရင်းတင်သွင်းမှုတွေ အများကြီး လက်ခံရရှိပါတယ်။ အဲဒါတွေကို စိစစ်တယ်၊ ခိုင်လုံမှုကို အကဲဖြတ်တယ်၊ ပြီးတော့ အမည်စာရင်းရှည်ကို နိုဘယ်လ်ကော်မတီကို တင်ပြပါတယ်။ သူတို့က အဲဒီထဲကမှ ဆန်ခါတင်စာရင်းတိုကို ပြန်ရွေးထုတ်ပါတယ်။ အဲဒီမှာ လက်တဆုပ်စာနည်းနည်းလေးကနေ ဒါဇင်နဲ့ချီပြီး ပါနိုင်ပါတယ်။ ဆန်ခါတင်စာရင်းမှာ ပါတဲ့ သူတွေအတွက် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေ တောင်းခံဖို့ကတော့ ကျနော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အပိုင်း ( ၂ )  ထရမ့်ပ် မဟုတ်ရင် ဘယ်သူ ရနိုင်သလဲ

သတင်းခေါင်းကြီးပိုင်းတွေမှာ  သမ္မတထရမ့်ပ် နာမည်ပဲ လွှမ်းမိုးနေပေမဲ့ ထရမ့်ပ်ထက်ပိုပြီး ရနိုင်ခြေရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အများအပြားရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုဆိုးလာ၊ ပိုများလာချိန်မှာ၊ ပဋိပက္ခဇုန်တွေရဲ့ ရှေ့တန်းမှာရှိနေတဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ သတင်းအဖွဲ့အစည်းတွေ ကို ဆုချီးမြှင့်ဖို့ အလားအလာ အကောင်းဆုံးဖြစ်နေပါတယ်။ လူမှုကူညီရေးအဖွဲ့တွေ ထဲမှာဆိုရင်  အရင်ကလည်း နှစ်ကြိမ်ရဖူးတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ ဆူဒန်နိုင်ငံက Emergency Response Rooms (ERRs) စတဲ့ အဖွဲ့ တွေ ရေပန်းစားနေပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အထူးသဖြင့် ဂါဇာမှာ သတင်းသမား အများအပြား သေဆုံးခဲ့သလို  စာနယ်ဇင်းလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ဟာလည်း  ကမ္ဘာတဝန်းမှာ အမေရိကန်လို နိုင်ငံမျိုးမှာပါ ခြိမ်းခြောက်ခံလာရတာကြောင့် ဒါတွေကို ကာကွယ်တဲ့ အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြဖို့လိုတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၊  သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)  တို့ကို ပေးနိုင်ခြေရှိတယ်လို့လည်းခန့်မှန်းနေကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့ကို ဖမ်းဝရမ်းထုတ်ထားတဲ့၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတဲ့  အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) လည်း ဆန်ခါတင်စာရင်းထဲ ပါနေတယ်လို့ ခန့်မှန်းကြပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) လည်း သတင်းထွက်ပါတယ်။

လူပုဂ္ဂိုလ်တွေထဲမှာတော့ ထရမ့်ပ်အပြင် ဟားမတ်စ်-အစ္စရေး ဇန်နဝါရီယာယီ အပစ်ရပ်ဖို့ ကြားဝင်ပေးခဲ့တဲ့ ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက်၊   အနောက်ဘက်ကမ်းနဲ့ ဂါဇာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်ဆက်စကာ အဲလ်ဘနိစ်၊  ဟောင်ကောင်က ထောင်ကျနေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ Chow Hang-tung ၊ ကနေဒါ လူ့အခွင့်ရေးရှေ့နေ အာဝင်ကော့ဒ်လာ စသဖြင့် အများအပြားရှိနေပါတယ်။ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် အတွက် ကြိုးပမ်းပေးတယ်ဆိုပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ကို   အဆိုပြုထား သူလည်းရှိပါတယ်။

ဒီအထဲမှာ ထူးထူးခြားခြား နာမည်ထွက်နေတာက ဆူဒန်နိုင်ငံက Emergency Response Rooms (ERRs) တွေဖြစ်ပါတယ်။  ဒီနာမည်မှာ ထူးခြားချက်က Rooms ဆိုတာဟာ အကူအညီတွေ ပေးဖို့ မတူညီတဲ့အဖွဲ့အစည်းတွေအကြား ချိတ်ဆက်တဲ့ WhatsApp အက်ပလီကေးရှင်းထဲက Group Chat Room ကို ဆိုလိုတာ ဖြစ်ပါတယ်။  ဆူဒန်မှာ ၂၀၁၉ လူထုတော်လှန်ရေးကာလ ရပ်ရွာအခြေပြုတော်လှန်ရေးကော်မတီတွေကနေ ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိ ဆူဒန်ပြည်တွင်းစစ်ကာလမှာ လူသားချင်းစာနာမှု အကူအညီတွေမျှဝေဖို့ရာ ERRs တွေက အဓိက ကျနေပါတယ်။ 

အပိုင်း ( ၃ ) ထရမ့်ပ် ဘာကြောင့်  ရသင့်သလဲ

သမ္မတထရမ့်ပ်ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို လိုချင်တဲ့ဆန္ဒကို လျှို့ဝှက်မထားပါဘူး။ သူတကျော့ပြန် သမ္မတဖြစ်ပြီး ၇ လအတွင်း စစ်ပွဲ ၇ ပွဲကို အဆုံးသတ်ခဲ့တာကြောင့် တလ တခုနှုန်းလောက် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး နိုဘယ်ဆုရသင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သူကိုယ်တိုင်ပြောထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ကုလသမဂ္ဂက လုပ်သင့်တာတွေကို ကျုပ်က လုပ်ပေးနေရတာ တော်တော်ဆိုးပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ဘယ်ကိစ္စမှာမှ ကုလသမဂ္ဂက ကူညီဖို့ ကြိုးစားခဲ့တာမရှိပါဘူး။ ကျုပ်က စစ်ပွဲ ၇ ပွဲကို အဆုံးသတ်ခဲ့ပြီး ဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ ဆက်ဆံခဲ့ပေမဲ့ ကုလသမဂ္ဂဆီကနေ သဘောတူညီချက်ရအောင် ကူညီဖို့ ဖုန်းလေး တခါလောက်ခေါ်ဖော်တောင်မရခဲ့ပါဘူး”လို့ ပြောပါတယ်။

ထရမ့်ပ်ဟာ သမ္မတ ပထမသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်မှာ အေဘရာဟမ် သဘောတူညီချက်တွေ ရယူပေးနိုင်ခဲ့ပါတယ်။ အစ္စရေးနဲ့ ယူအေအီး၊ ဘာရိန်းအပါအဝင် အာရပ်နိုင်ငံ အများအပြားကြားမှာ ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ သဘောတူညီချက်တွေ ဖြစ်ပါတယ်။  ဒါဟာ  ထရမ့်ပ်ရဲ့ ပထမသက်တမ်း အတွင်း အအောင်မြင်ဆုံး နိုင်ငံခြားရေးဆောင်ရွက်ချက် ဖြစ်ပါတယ်။ 

မကြာသေးခင်ကာလအတွင်းမှာလည်း သူ့အစိုးရဟာ တခြားသဘောတူညီချက် အများအပြားကို ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နာဂိုနို-ကာရာဘတ်ခ်ဒေသနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာကြာမြင့်နေတဲ့ ပဋိပက္ခကို အဆုံးသတ်စေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြား သြဂုတ်လ ငြိမ်းချမ်းရေး သဘောတူညီချက်။ ဇူလိုင်လမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်။ ဒေသတွင်း အကြမ်းဖက်မှုတွေလျှော့ချဖို့ ရဝမ်ဒါနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကြား သဘောတူညီချက်။ ပြီးတော့ မေလမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးကို ဦးတည်စေခဲ့တဲ့ ကြားဝင်ညှိနှိုင်းမှုတွေ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် သက်ဆိုင်ရာနိုင်ငံတွေက ထရမ့်ပ်ကို အဆိုပြုတာတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင်လည်း ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ပေါ်၊ မပေါ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အခုအချိန်မှာတော့ သူတို့ (ကုလသမဂ္ဂ) လုပ်နေတာက စကားလုံးကြီးကြီးကျယ်ကျယ်တွေနဲ့ စာထုတ်တာပဲ။ ပြီးရင် ဘာမှဆက်မလုပ်တော့ဘူး။ အနှစ်မရှိတဲ့ စကားလုံးတွေနဲ့ စစ်ပွဲကို ဖြေရှင်းလို့မရဘူး။ စစ်ပွဲတွေကို ဖြေရှင်းနိုင်တာ တခုတည်းသော အရာက လက်တွေ့လုပ်ဆောင်မှုပဲ။ အခု ဒီစစ်ပွဲတွေအားလုံးကို အဆုံးသတ်ပေးခဲ့သလိုအရင်က အေဘရာဟမ် သဘောတူညီချက်ရအောင် ညှိနှိုင်းပေးခဲ့တာတွေက အရမ်းကြီးကျယ်တဲ့ကိစ္စတွေပါ။ ဒါပေမဲ့ ကျုပ်တို့နိုင်ငံအပေါ် ဘာဂုဏ်ပြုမှုမှ မရခဲ့ဘူး။ ဘယ်တော့မှမရခဲ့ဘူး။ ဒီအောင်မြင်မှု တစ်ခုချင်းစီအတွက် ကျုပ် နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်တယ်ဆိုတာ လူတိုင်းက ပြောနေတဲ့ကိစ္စပါ”လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ထရမ့်ပ်ကို အမည်စာရင်းတင်သွင်းထားတယ်လို့ တရားဝင် ပြောတဲ့ နိုင်ငံတွေထဲမှာ အစ္စရေး၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ရဝမ်ဒါ၊ ဂါဘွန် တို့ပါဝင်ပါတယ်။ လူပုဂ္ဂိုလ်တွေအနေနဲ့ ဆိုရင်လည်း အမေရိကန်လွှတ်တော်အမတ် ကလော်ဒီယာတန်နေးနဲ့ ဘက်ဒီကာတာ၊ ဥပဒေပါမောက္ခ အန်တာအယ်လွန်-ဘက်ခ်နဲ့ တခြားသူတွေ က ထရမ့်ပ် ကို အဆိုပြုထားကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။

အပိုင်း ( ၄ ) ထရမ့်ပ် ဘာကြောင့် မရသင့်သလဲ

ဝေဖန်သူတွေနဲ့နိုဘယ်ဆုရေးရာ ကျွမ်းကျင်ပညာရှင်တွေကတော့ ထရမ့်ပ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပဋိပက္ခတွေ ပြေလည်တဲ့အထိ ဖြေရှင်းနိုင်လိုက်တာမျိုးမဟုတ်ဘဲ  အပေးအယူအပေါ် အခြေခံတဲ့ ယာယီအပစ်အခတ် ရပ်စဲရေးတွေသာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။  

ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံနဲ့ ရဝမ်ဒါ သဘောတူညီချက်မှာ အဓိကအရေးပါတဲ့   M23 လက်နက်ကိုင်အဖွဲ့ဟာ ဆွေးနွေးပွဲတွေမှာ မပါဝင်ခဲ့သလို သဘောတူညီချက်ကို လိုက်နာဖို့ တာဝန်မရှိဘူးလို့ မှတ်ယူထားပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ အိန္ဒိယ-ပါကစ္စတန် အပစ်အခတ်ရပ်စဲမှုမှာလည်း အမေရိကန်ကြားဝင်ညှိပေးတယ်ဆိုတဲ့ အချက်ကို အိန္ဒိယအစိုးရက လူသိရှင်ကြား ငြင်းထားပါတယ်။ ပထမသက်တမ်းတုန်းက အရယူခဲ့တဲ့ အေဘရာဟမ်သဘောတူညီချက်တွေဟာ သမိုင်းဝင်ဖြစ်ပေမဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မပြေလည်စေခဲ့ပါဘူး။ 

ဒါတွေအပြင် အခြေခံကျတဲ့ ကွဲလွဲမှုတရပ်ကိုပါ ကျွမ်းကျင်သူတွေက  ထောက်ပြကြပါတယ်။ နိုဘယ်ဆုကို "နိုင်ငံတွေအကြား ညီရင်းအစ်ကိုစိတ်ဓာတ်"ကို မြှင့်တင်ဖို့ ဖန်တီးခဲ့တာပါ။ သမ္မတထရမ့်ပ်ဟာ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေတာလို့ သုံးသပ်ပါတယ်။ အမေရိကန်ကို ပါရီ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  ကနေ နုတ်ထွက်စေခဲ့ပြီး မဟာမိတ်တွေနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေ စတင်ခဲ့ပါတယ်။

နောက်ထပ်အချက်တချက်လည်း ရှိပါသေးတယ်။  သူ့ကို အမည်စာရင်းတင်သွင်းသူတွေရဲ့ ပုံရိပ်ပါ။ ထရမ့်ပ်ကို ထောက်ခံတဲ့ အစိုးရအများအပြားဟာ အာဏာရှင်ဆန်တဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် နိုင်ငံတကာရဲ့ ဝေဖန်မှုခံနေရတဲ့ ခေါင်းဆောင်တွေဖြစ်နေတဲ့အချက်ကိုလည်း  ထည့်စဉ်းစားနိုင်ခြေရှိပါတယ်။ ပြီးတော့ အရေးအကြီးဆုံးကတော့ ဒီလောက်ပြင်းပြင်းထန်ထန် လော်ဘီလုပ်တဲ့လုပ်ရပ် ကိုယ်တိုင်က ပြောင်းပြန်အကျိုးသက်ရောက်လာနိုင်တဲ့အချက်ပါ။

နော်ဝေ နိုဘယ်ကော်မတီ ဒုတိယခေါင်းဆောင် ASLE TOJE က "ဒီလို လွှမ်းမိုးဖို့ ကြိုးစားတဲ့ လှုံ့ဆော်မှုတွေဟာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုထက် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုမျိုး ပိုရှိစေနိုင်ပါတယ်။ တချို့ ဆန်ခါတင်ပုဂ္ဂိုလ်တွေက အရမ်းတွန်းအားပေးကြပြီး ကျနော်တို့ အဲဒါမျိုး ကို မကြိုက်ပါဘူး”လို့ ပြောပါတယ်။ 

အပိုင်း ( ၅ ) အိမ်ဖြူတော်နဲ့ နိုဘယ်ဆု

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတထရမ့်ပ်သာ ဆုရခဲ့မယ်ဆိုရင် အမေရိကန်သမ္မတထဲမှာ  ပဉ္စမမြောက် နိုဘယ်ဆုရှင် ဖြစ်လာမှာပါ။ သမ္မတသီအိုဒို ရုစဗဲ့ဟာ ရုရှား-ဂျပန်စစ်ပွဲ အဆုံးသတ်ရေး ကြားဝင်ညှိနှိုင်းပေးမှုအတွက် ၁၉၀၆ ခုနှစ်မှာ နိုဘယ်ဆုရခဲ့ပါတယ်။ သမ္မတ ဝုဒ်ရိုးဝီလ်ဆင်ကတော့ နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ထောင်မှုအတွက် ၁၉၁၉ မှာ ဆုရပါတယ်။ သမ္မတဂျင်မီကာတာကတော့ ရာထူးက အနားယူပြီး နောက်ပိုင်းမှာ ဆယ်စုနှစ်များစွာ လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့မှုအတွက် ၂၀၀၂ ခုနှစ် မှာ  ဆုရခဲ့ပါတယ်။ သမ္မတ ဘားရက်အိုဘားမားကတော့ နိုင်ငံတကာသံတမန်ရေးရာ အားကောင်းလာစေဖို့ ထူးကဲတဲ့ ကြိုးပမ်းမှုတွေအတွက် ဆိုပြီးတော့ ၂၀၀၉ ခုနှစ် မှာ နိုဘယ်ဆုရခဲ့တာဖြစ်ပါတယ်။

တခြားအမေရိကန်ခေါင်းဆောင်တွေထဲမှာဆိုရင်တော့ ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းအချက်အလက်တွေကို ရရှိ၊ ဖြန့်ဖြူးမှုအတွက် ၂၀၀၇ ခုနှစ်မှာ နိုင်ငံစုံ ရာသီဥတုပြောင်းလဲမှု လေ့လာရေးအဖွဲ့ (IPCC) နဲ့အတူ တွဲဖက်ရရှိခဲ့ပါတယ်။ နောက်ထပ် ဒုတိယသမ္မတ တဦးဖြစ်တဲ့ ချားလ်စ်ဒေါစ်ဟာလည်း ပထမကမ္ဘာစစ်အပြီး ဥရောပကို တည်ငြိမ်အောင်လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ 'ဒေါစ်စီမံကိန်း' အတွက် ၁၉၂၅ ခုနှစ်မှာ ဒီဆုကိုရခဲ့ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ၅ ဦးလည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်ခဲ့ကြဖူးပါတယ်။ သူတို့ကတော့ အီလီဟူရုသ်၊ ဖရန့်ဘီကဲလော့ဂ်၊ ကော်ဒယ်လ်ဟူလ်၊ ဂျော့ဂ်ျ စီ မာရှယ်နဲ့ ဟင်နရီကစ်ဆင်ဂျာတို့ ဖြစ်ပါတယ်။

အပိုင်း ( ၆ ) ဆု ရရ၊ မရရ အမြတ်ထွက်တဲ့ ထရမ့်ပ်

အိုဘားမားရဲ့ သမ္မတသက်တမ်း ၉ လအကြာမှာ ဆုရခဲ့တာဟာ အဲဒီအချိန်က အငြင်းပွားစရာဖြစ်ခဲ့ရပြီး ကာယကံရှင်ကိုယ်တိုင်ကတောင် ဒီကိစ္စကို အသိအမှတ်ပြုခဲ့ပါတယ်။ ထရမ့်ပ်သာ ဆုရရင်တော့ ပိုပြီးတော့ အသံထွက်လာစရာ ရှိပါတယ်။ ဒါဆို ဖြစ်နိုင်ခြေက ဘယ်လောက်ရှိလဲ။ နိုဘယ် ဆန်းစစ်သူတိုင်းနီးပါးရဲ့ အဆိုအရ အရမ်းနည်းတယ်လို့ သုံးသပ်ကြပါတယ်။ ထရမ့်ပ်ကို ဆုပေးလိုက်မယ်ဆိုရင် ကော်မတီက ကာလကြာရှည် ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံတကာစနစ်ကို ဖြိုဖျက်မှုအတွက် ဆုပေးသလို ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ထရမ့်ပ်ကိုသာ ပေးလိုက်မယ်ဆိုရင် သူ့ရဲ့ အပေးအယူဆန်တဲ့ "အမေရိကပထမ" နိုင်ငံခြားရေးမူဝါဒကို လုံးဝ အသိအမှတ် ပြုလိုက်ရာရောက်သွားမှာဖြစ်ပါတယ်။ တကယ်လို့ ပေးမယ်ဆိုရင်တောင် ဂါဇာစစ်ပွဲ အမှန်တကယ် အဆုံးသတ်နိုင်တဲ့အခါမှ၊ အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ရတာမျိုး၊ ယူကရိန်း-ရုရှား ငြိမ်းချမ်း ရေးရတာမျိုး သိသာထင်ရှားတဲ့ အောင်မြင်မှုမျိုးရတဲ့အခါကျမှ ပေးလည်း နောက်မကျဘူးလို့ ဆိုနိုင်ပါတယ်။

ထရမ့်ပ်အတွက်ကတော့ နိုဘယ်ဆုရတာ၊ မရတာကအရေးမပါဘဲ၊ သူ့ကို ဒီဆုအတွက် အဆိုပြုတဲ့ နိုင်ငံနဲ့ လူပုဂ္ဂိုလ် ဘယ်လောက်များတယ်ဆိုတဲ့ အချက်ကတင် နိုင်ငံရေးအရ တန်ဖိုးပိုရှိနေပါတယ်။ မရဘူးဆိုရင်လည်း လက်ရှိကမ္ဘာလုံးဆိုင်ရာ စနစ်ကြီးကိုက ထရမ့်ပ်ကိုယ်တိုင်နဲ့ ထရမ့်ပ်ထောက်ခံသူတွေကို အကန်လုပ်ဖို့ တမင်ညစ်ထားတာဆိုတဲ့ သူ့အယူအဆကို ပိုအားကောင်းအောင် မီးထိုးပေးသလို ဖြစ်စေမှာပါ။ ထရမ့်ပ်အတွက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီဆုပေးပွဲကိုယ်တိုင်က သူ့အတွက် နိုင်ငံရေးအရ အကျိုးအမြတ်ရှိ မယ်လို့ ခြုံပြောလို့ရပါတယ်။

အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု ဒါရိုက်တာ NINA GRAEGER က "ထရမ့်ပ်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်မယ်ဆိုရင် ဆုကိုယ်တိုင်နဲ့ နော်ဝေနိုင်ငံအတွက် အာရုံစိုက်မှုတွေ အများကြီး ရစေလိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ ဒါဟာ နိုဘယ်ကော်မတီနဲ့ နော်ဝေနိုင်ငံရဲ့ ဂုဏ်သတင်းကိုတကယ်ကို ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျမထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်း ဆက်စပ်မှုမရှိရင်တောင် ဒီနှစ်ခုကို တခါတလေ ဆက်စပ်တွေးမြင်တတ်ကြလို့ပါပဲ”လို့ ပြောပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ဆုတခုသက်သက်မဟုတ်ဘဲ သဘောထားထုတ်ပြန်ချက်တခု ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့အရေးအကြီးဆုံး စိန်ခေါ်မှုတွေနဲ့ အဲဒါတွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေအပေါ် ကော်မတီရဲ့ ရှုမြင်ပုံကို ထင်ဟပ်စေပါတယ်။ သူတို့ဟာ ဒီရေကိုဆန်တက် ရုန်းကန်နေရတဲ့ လူသားချင်းစာနာမှုအဖွဲ့တွေရဲ့ ကွင်းဆင်းလုပ်ဆောင်မှုကို ဆုချီးမြှင့်မလား၊ စစ်မြေပြင်ကနေ သတင်းပို့နေတဲ့ သတင်းသမားတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုမလား၊ လူသိပ်မသိပေမဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်း အနစ်နာခံနေတဲ့ လူပုဂ္ဂိုလ်တဦးတယောက်ကို အသိအမှတ်ပြုပေးမလား၊ ဒါမှမဟုတ် နိုဘယ်ဆု ၁၂၄ နှစ် သမိုင်းတလျှောက် အငြင်းပွားစရာအကောင်းဆုံး ရွေးချယ်မှုအဖြစ် အပေးအယူလုပ် ညှိနှိုင်းသဘောတူညီရာမှာ အပြောင်မြောက်ဆုံးသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကိုပဲ ဒီဆုကို ပေးအပ်မလား ဆိုတာ အောက်တိုဘာ ၁၀ ရက်နေ့မှာ အဖြေသိရတော့မှာ ဖြစ်ပါတယ်။ DVB ပရိသတ်တွေအနေနဲ့လည်း ထရမ့်ပ် ရသင့်၊ မရသင့်ဆိုတာနဲ့ ဘယ်သူရသင့်သလဲဆို ထင်မြင်ချက်တွေကို မှတ်ချက်ပေးခဲ့နိုင်ပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024