Home
ဆောင်းပါး
စာရေးဆရာကြီး ဇေယျ ကွယ်လွန်ခြင်း ၄၃ နှစ်မြောက်
မောင်တူး
·
October 5, 2025

၄၃ နှစ်၊ ကြာပြီဖြစ်လည်း

ရေးဆစ်ခဲ့ရာ၊ သူ၏စာများ

နောင်လာသားတို့၊ အားထားရဆဲ

ခွန်အားမြဲစေ၊ ဆရာဇေယျ

လမ်းညွှန်ပြဆဲ၊ ရှင်သန်ဆဲပါတကား။

စာရေးဆရာကြီးဇေယျဟာ ၁၉၈၂ ခု အောက်တိုဘာ ၄ ရက်က ကွယ်လွန်ပါတယ်။ ခုဆို ၄၃ နှစ် ရှိပြီ။ သူကွယ်လွန်တာကို ကြားလိုက်ရတော့ "အာဏာရှင် အရှင်မထွက်ဘူး" လို့ လူထုကို သတိပေးရေးသားခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက နှမြောတသစွာနဲ့ အခုလို အလွမ်းစာရေးသားခဲ့ပါတယ်။

ဆရာဇေယျ (သို့မဟုတ်) သခင်ကိုယ်တော်မှိုင်း၏ ပါရမီဖြည့်ဖက်

၄-၁၀-၁၉၈၂ နေ့က စာရေးဆရာ ဇေယျ အမည်ခံ ဆရာဇေယျ ကွယ်လွန်အနိစ္စရောက်တယ်လို့ ကြားလိုက်ရတော့ “သြော် လူထုဦးလှနဲ့ နှစ်လပြည့်အောင်တောင် မကွာခြားဘူး။ စာပေနယ်က ကြယ်ပွင့်ကြီးတပွင့် ကြွေရှာပြန်လေပကော” လို့ နှမြောတသ လွမ်းဆွတ်ရပြန်ပါတယ်။

ဆရာဇေယျ အနိစ္စရောက်တော့ အသက် ၈၃ နှစ် ရှိပါပြီ။ ၁၈ နှစ်သား၊ ၁၉ နှစ်သား အရွယ်ကတည်းက ကလောင်စမ်းလာခဲ့တယ်။ အသက် ၂၀ အရွယ်မှာ ဇေယျဆိုတဲ့ ကလောင်နာမည်တခုနဲ့ လူသိလာတဲ့ ကလောင်တချောင်း ဖြစ်လာတယ်။ အသက် ၈၀ နား နီးတဲ့အထိ ကလောင်မချဘဲ ရေးသားသွားခဲ့တယ်။ ဆရာ ဦးယော (ဆရာဇေယျနဲ့ ငယ်နာမည်) ရဲ့ ကလောင်က ထွက်လေသမျှ စာဟာ အမျိုးသားရေးကို ဘယ်တော့မှ လက်မလွှတ်ခဲ့ဘူး။ အမျိုးသား ယဉ်ကျေးမှု အဆောက်အအုံကို အဘက်ဘက်က ထိန်းသိမ်းကာကွယ် တည်ဆောက်သွားလေတဲ့ ကလောင်မို့ ဒီကလောင်ကြီးတချောင်း ရပ်နား အငြိမ်းစား ယူသွားတာကို နှမြောလို့ မဆုံးနိုင်ဘူး။

ဆရာဦးယောကို သူစိုင်းနှင်သွားတဲ့ ကလောင်အတွက်သာ မကဘဲ၊ သူ မကြေညာဘဲ ရွက်ဆောင်သွားတဲ့ တာဝန်ကြီး တခုအတွက်လည်း ကျမတို့က ဆရာ့ကို ကျိတ်ပြီး ကျေးဇူးတင် သာဓုခေါ်ရပါသေးတယ်။ အဲဒါကတော့ "ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပါရမီကို ကူညီ ဖြည့်စွမ်းသွားမှု" ကြီးပါ။

ဆရာဦးယောက ၁၉၀၀ ပြည့်နှစ်ဖွား၊ အသက် ၂၀ အရွယ်မှာ ပြည်မြို့ အစိုးရ အထက်တန်းကျောင်းမှာ ဆရာက ၁၀ တန်းကို မြန်မာတပြည်လုံးမှာ ၆ ယောက်သာရတဲ့ ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ဆရာတို့ ၁၀ တန်းအောင်တော့ သူငယ်ချင်း မောင်မောင်ကလေးက ဆရာ့ကို ရန်ကုန် ခေါ်လာတယ်၊ မောင်မောင်ကလေးက မြန်မာအဆွေသူဌေး ဦးဘညွန့်ရဲ့ ယောက်ဖ၊ ဒါကြောင့် ရန်ကုန်ရောက်တော့ မြန်မာအဆွေတိုက်က ထုတ်ဝေဖို့ စိုင်းပြင်းနေတဲ့ ဒဂုန်မဂ္ဂဇင်းမှာ ဆရာ့ကို အယ်ဒီတာလုပ်ဖို့ တလ ၅၀ ကျပ်နဲ့ အလုပ်ခန့်သတဲ့။ မြန်မာအဆွေက ဒဂုန်မဂ္ဂဇင်း ထုတ်ဝေမယ်ဆိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အယ်ဒီတာ လုပ်ပေးဖို့ ပြောပါတယ်။ ဆရာကြီးက အဲဒီအချိန်မှာ ယူနီဗာစီတီကို သပိတ်မှောက်ပြီး တော်လှန်ထူထောင်တဲ့ အမျိုးသားကောလိပ်မှာ ဆရာလုပ်ချင်လို့ သူရိယသတင်းစာက အလုပ်ထွက်လာတဲ့ အချိန်ပေါ့။ ဒဂုန်က ဆရာကြီးကို ခေါ်တော့ ဆရာကြီးက သူတိုက်ထိုင်အယ်ဒီတာတော့ လုပ်မပေးနိုင်ဘူး၊ ပဲခူးကျောင်းဆရာ ကိုဘိုးသစ်ကို သူ့အစားခေါ်၊ ကိုဘိုးသစ်ဟာ ကဗျာမှာလည်း တော်တယ်၊ စာအရေးအသားလည်း ကောင်းတယ်၊ ဆရာကတော့ ဆောင်းပါး ကဗျာ စတာတွေ ရေးပေးပြီး ကူမယ်လို့ ပြောတယ်။ ဒါကြောင့် ဒဂုန်က ဆရာကြီး ညွှန်ကြားတဲ့ ဦးဘိုးသစ်ကိုပဲ တိုက်ထိုင် အယ်ဒီတာအဖြစ် ခေါ်တယ်။ ဆရာဦးယောကတော့ လက်ထောက် အယ်ဒီတာပေါ့။

အဲဒီမှာ ဦးယောဟာ ဆရာကြီးဆီကို မကြာမကြာသွားပြီး ဆောင်းပါးတောင်းရတယ်။ ဒဂုန်အတွက် ဆောင်းပါးတောင်းရင်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ဦးယော သိကျွမ်းခင်မင်သွားကြတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဒီအချိန်မှာ သားသမီး ၅ ယောက်နဲ့ မုဆိုးဖိုဘဝ၊ လူက အင်မတန် တက်ကြွတဲ့ အသက် ၃၀ ကျော်အရွယ်၊ ကလောင်က ထက်တုန်း၊ ပြည်သူတွေကလည်း နယ်ချဲ့ထမ်းပိုးအောက်က ထွန့်ထွန့်ထူး ရုန်းကန်လှုပ်ရှားနေတုန်း အချိန်မျိုး။ အဲဒီလို အချိန်မျိုးမှာ ဆရာကြီးနဲ့ ဆရာဦးယောနဲ့ တွေ့ကြ ဆုံကြ ခင်မင်သိကျွမ်းကြတာပဲ။ ဦးယောက အသက် ၂၀ ကျော်၊ ရုပ်ရည်ကလည်း မသောက်မစား၊ မကစားတတ်တဲ့အပြင် သဘောသကာယ အလွန်ကောင်းတဲ့ သူငယ်၊ ရိုးတယ် အေးတယ် ဆိုတာက လူကြည့်ရုံနဲ့ ပေါ်နေတဲ့ ရုပ်မျိုး။ ဒါတွေ အားလုံးအပြင် စာရေးဆရာကလေးတယောက် ဖြစ်နေလေတော့ ဆရာကြီးက သူ့ခယ်မတွေနဲ့  တိုင်ပင်ပြီး မောင်ယော ၂၃ နှစ်၊  သူ့သမီး အကြီးဆုံး မမြရီ ၁၉ နှစ် အရွယ်မှာ လက်ထပ်ထိမ်းမြား ပေးလိုက်တယ်။

ဆရာယောနဲ့ မမြရီတို့ လက်ဆက်ကြတယ်ဆိုတော့ တနင်္ဂနွေသားနဲ့ ဗုဒ္ဓဟူးသမီးမို့ ဗေဒင်အရ မပေးစားပါနဲ့၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးဟာ အုံးတောင် မနွေးဘူး၊ ခေါင်းအုံးနွေးအောင် မပေါင်းရတတ်ဖူး၊ အိမ်ထောင်ဖက် တယောက်ယောက် သေတတ်တယ်လို့ ဖျက်တဲ့သူက ဖျက်သတဲ့။ နို့ပေမဲ့ သူရိယတိုက်က ဦးငြိမ်းဆိုတဲ့ ဗေဒင်ဆရာကြီးကတော့ ကိစ္စမရှိပါဘူး။ ပေးစားပါလို့ ပြောသတဲ့။ ဆရာဦးယောက “သူတို့က အုံးတောင် မနွေးဘူးဆိုပေမဲ့ ခုတော့ ဆရာတို့ အိမ်ထောင်သက် အနှစ် ၅၀ ကျော်ပါပြီ” လို့ ရယ်ကာမောကာ ပြောဖူးပါတယ်။ ဆရာကြီးက အဲဒီအချိန်က စပြီး ဆရာဦးယောတို့နဲ့ သေတပန် သက်တဆုံး နေသွားတာပါပဲ။ ဆရာကြီးသမီး ဒေါ်မြရီက “အဖေဟာ သမီးအိမ်ထောင်ချပေးပြီး ကတည်းက သူလုပ်ချင်ရာတွေကို တသက်လုံး လုပ်သွားတော့တာပဲ” တဲ့။

ဆရာကြီးက လူမမည် သားသမီး ၅ ယောက် ကျွေးမွေးပြုစုရတဲ့ တာဝန်ကို အိမ်ထောင်သည် သမီးကြီးနဲ့ စိတ်သဘောကောင်းတဲ့ သမက်လက်ကို စိတ်ချလက်ချ အပ်ထားလိုက်တဲ့ သဘောပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ အိမ်ထောင့်တာဝန်၊ သားသမီးတွေကို လုပ်ကျွေးပြုစုရတဲ့ တာဝန်တွေကို သမက်ကြီးနဲ့ သမီးကြီးလက်မှာ စိတ်ချလက်ချ အပ်ထားပြီးကတည်းက အမျိုးသားရေး လုပ်ငန်းတွေကို ကျွတ်ကျွတ်လွတ်လွတ် လုပ်သွားတော့တာပဲ။

ဆရာကြီးမှာ အသက် ၃၀ ကျော်အရွယ်နဲ့ မုဆိုးဖိုဘ၀ ရောက်ရပြီး ဥမမည် စာမမြောက် သားသမီး ၅ ယောက် ကျန်ခဲ့တာကို သံယောဇဉ်ကြီးတဲ့ ဖခင်တယောက်အနေနဲ့ သားသမီးတွေရဲ့ ကရိကထကို နောက်အိုးနောက်အိမ် မထူထောင်ဘဲ တယောက်တည်း ကြဲခံခဲ့တယ်ဆိုတာ နည်းတဲ့မေတ္တာ၊ နည်းတဲ့ သတ္တိ မဟုတ်ပေဘူး။ နို့ပေမဲ့ ဒီတာဝန်တွေကို သမက်ကြီး ဦးယောနဲ့ သမီးကြီး မမြရီတို့က အဖေ့ထမ်းပိုးကို ကူးပြောင်းလို့ ယူလိုက်ကြတော့ ဆရာကြီးရဲ့ ပါရမီကို ဆရာဦးယော ကူညီဖြည့်ဆည်းပုံကလည်း မနည်းဘူးပေါ့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ကျမတို့က နေရေးထိုင်ရေးနဲ့ ပတ်သက်လို့ မေးတဲ့အခါ ဆရာကြီးက သူအခုနေတဲ့ အိမ်အမှတ် ၅ ကလည်း သူ့အိမ် မဟုတ်ပါဘူး။ ဦးယောအိမ်ပါတဲ့။ သူနေတဲ့ စမ်းချောင်းရပ် ချမ်းသာလမ်းကလည်း ပဲပြုတ်သည်တွေ အများကြီးရှိတဲ့ လမ်းပါတဲ့၊ ဆရာကြီး အချိန်တန်လို့ နှိုက်စားတဲ့ ထမင်းကလည်း သမီးကြီးက ကျွေးတဲ့ ထမင်းပါပဲပေါ့။

ဆရာဦးယောက ပထမဆုံး ဒဂုန်မဂ္ဂဇင်း၊ နောက်တော့ ဇေယျသတင်းစာ၊ လန်ဒန်အတ်မဂ္ဂဇင်း၊ ဗြိတိသျှဘားမားမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်းတို့မှာ ရေးတယ်။ နောက် သူကြီးဂေဇက်မှာ ၉ နှစ်ကြာ လုပ်တယ်။ နောက် ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးဝန် လုပ်တယ်။ အဲဒီက ပင်စင်ယူပြီး အသက် ၈၀ နားအထိ စာရေးသွားတာပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၉၆၄ ခုနှစ်က အနိစ္စရောက်တော့ ဆရာဦးယော အသက် ၆၄ နှစ် အရွယ်မှာပဲ ရှိပါသေးတယ်။ ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပါရမီကို ကူညီဖြည့်တင်းသွားတဲ့ ဆရာဦးယော လို့လည်း နှောင်းလူတွေက ဆရာဦးယောကို ဂုဏ်ပြုမှတ်တမ်းတင်ရမှာပါ။

(လူထုဒေါ်အမာ။ ။ မြရည်နန္ဒာ မိတ္ထီလာမဂ္ဂဇင်း၊ ၁၉၈၄ ဖေဖော်ဝါရီ)

ဇေယျဟူသော ကလောင်အမည် ပေါ်ပေါက်လာပုံ

စာသင်ခဲ့ရာ ကျောင်းနေခဲ့ရာ ဗန်းမော်မြို့ကိုယူပြီး ဗန်းမော်တင်အောင်လို့ နာမည်ပေးတယ်။ ဆရာကြီး ကိုလေးက သူ စာသင်ခဲ့တဲ့ "အင်းဝဂုဏ်ရည်" အလယ်တန်းကျောင်းကို စွဲမှတ်ယူပြီး ကိုလေး (အင်းဝဂုဏ်ရည်) ဆိုပြီး နာမည် ပေးခဲ့တယ်။ မော်လမြိုင်က အယ်ဒီတာကြီး ဦးရွှေကြူးနဲ့ မြန်မာ့အသံ သတင်းကြေညာသူ ဒေါ်သန်းနှစ်တို့ကို လေးစားပြီး "ကြူးနှစ်" ကလောင်အမည်ကို ယူသတဲ့။ ရဟန်းဝတ်နေတဲ့ ဆရာတော်ကြူးနှစ်က ကျနော့်ကို စီးကရက်ဖွာတော်မူလျှက်နဲ့ ရှင်းပြခဲ့ဖူးတယ်။ ဆရာကြီးဇော်ဂျီကတော့ ဇော်ဂျီရုပ်လေးတွေကို သဘောကျလို့တဲ့။ ဆရာကြီးမင်းသုဝဏ်ကတော့ စုံနံ့သာမြိုင် ဦးကြော့ရဲ့ စာထဲက မင်းသုဝဏ်ကို ကြိုက်လို့ ယူသတဲ့။ ဆရာကြီး ဇေယျကတော့ . . .။

၁၉၂၀ ပြည့်နှစ်မှာပေါ့။ ဇီးကုန်းမြို့ကနေ ပူပူနွေးနွေး ၃ ဘာသာဂုဏ်ထူးနဲ့ ၁၀ တန်းအောင်ကျောင်းသား မောင်ယောဟာ ရန်ကုန်ရောက်လာတယ်။ ဒဂုန်မဂ္ဂဇင်းမှာ စာရေးဖို့ သူ့ကလောင်နာမည်ကို ရွေးရတော့မယ်။ သူ ကလောင်နာမည် ရွေးပုံက တမျိုး ဆန်းတယ်။ ရွေးပုံကတော့ အဘိဓာန် Dictionary စာအုပ်ကို မကြည့်ဘဲ လှန်လိုက်ပြီ။ စာအုပ်ပေါ် လက်ညှိုးထောက်ပြီး ကျရာစာလုံးကို ကလောင်အမည် ယူမယ်လို့ ဆုံးဖြတ်တယ်။ ထောက်မိတာက Victory စာလုံးပေါ် ကို။ ဒါကို မြန်မာမှုပြုပြီး ဇေယျ နာမည်ကို ရွေးလိုက်တယ်။ စာရေးဆရာဇေယျ။ ဒါပေမဲ့သူဟာ မင်းလက်ျာ၊ သီလဝင်၊ ဒဂုန်ဇေယျ စတဲ့ ကလောင်ခွဲတွေနဲ့ပါ ရေးခဲ့ပါသေးတယ်။

ကဗျာဆရာကြီး မင်းယုဝေ၏ ဆရာကြီးဇေယျ အပေါ် စာပေအမြင်

ဆရာကြီးမင်းယုဝေက သူ့ရဲ့ ငွေတာရီမဂ္ဂဇင်း အမှတ်စဉ် ၄၃ ဇန်နဝါရီလထုတ်မှာ အခုလို ရေးသားခဲ့ပါတယ်။

"ဤနေရာတွင် ကျွန်ုပ်တို့သည် မျက် စာပေလောက၏ ဖခင်ကြီး တဦးဖြစ်သူ ဆရာဇေယျ၏ စာပေအမြင်တရပ်ကို တင်ပြလိုပေသည်။ "စာအုပ်နှင့် လူသား" ဆောင်းပါးတွင် ဆရာဇေယျက " ကမ္ဘာဦးမှစ၍ လူ့သမိုင်းစဉ် တလျှောက်တွင် ကောင်းရာဘက်သို့ဖြစ်စေ၊ ဆိုးရာဘက်သို့ဖြစ်စေ စောက်ထိုး မှောက်ခုံ အကြီးအကျယ် ပြောင်းလဲလာသမျှတို့တွင် စာအုပ်များသာလျှင် အရင်းခံ အကြောင်းကြီး ဖြစ်သည်ကို တွေ့ရလေသည်။ ရှေးဂရိ ပညာရှိကြီး ပလေတို၏ ဟောပြောချက် စာအုပ်၊ ရှေးတရုတ်ပညာရှိကြီး ကွန်ဖူးဇီး၏ မိန့်ဆိုချက် စာအုပ်၊ ရှေးအီတာလျံပညာရှိ မာခိုင်ယာဗဲလီ၏ (သည်-ပရှင့်) ခေါ် ရာဇနီတိ၊ ပြင်သစ်ပညာရှိကြီး ရူစူး၏ လူ့ပဋိညာဉ်စာအုပ်၊ အင်္ဂလိပ် ပညာရှိကြီး သောမတ်ဝိန်း၏ လူ့အခွင့်အရေး၊ ဂျာမန်ကားလ်မတ်၏ ကွန်မြူနစ် ကြေညာစာတမ်း စသော စာအုပ်များသည် မိမိတို့ သက်ဆိုင်ရာခေတ်ကိုသာ ထိခိုက်ခဲ့သည်မဟုတ် ခေတ်အဆက်ဆက် လူတို့၏စိတ်ကို ထိခိုက်လျှက် အနာဂတ်တွင်လည်း ဆက်လက် ထိခိုက် ပြုပြင်သွားကြမည် ဖြစ်ပေသည်။ စာအုပ်များသည် ထိုမျှ တန်ခိုးအာဏာရှိ၏။ ကျွန်ုပ်တို့သည် စာအုပ်များကို နည်းလမ်းတကျ အသုံးပြုတတ်ပါမူကား အချင်းချင်း နားလည်မှုရှိလျှက် ဤကမ္ဘာလောကကြီးသည် စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘေး စသော ဘေးအပေါင်းတို့မှ ကင်းရှင်းလျှက် တကယ်ငြိမ်းအေး သာယာသော ဘဝကြီးကို ရရှိပေလိမ့်မည်။ သို့သော် စာအုပ် ဆိုကာမျှဖြင့် ကောင်းသည်ချည်းမဟုတ်။ ကောင်းသောစာအုပ်များ ရှိသကဲ့သို့ မကောင်းသော စာအုပ်များလည်း ရှိပေသည်။ လူတို့ကို သန့်ရှင်းစင်ကြယ်စေနိုင်သောစာအုပ်၊ မြင့်မား လာစေနိုင်သော စာအုပ်များ ရှိသကဲ့သို့ ညစ်နွမ်းသွားစေနိုင်သောစာအုပ်၊ နိမ့်ကျသွားစေနိုင်သော စာအုပ်များရှိသည်။ ကျွန်ုပ်တို့သည် ရွေးချယ်တတ်ရမည်။ စိစစ်တတ်ရမည်။ စာအုပ်က သွန်သင်ပြသသော သဘောအဓိပ္ပာယ်ကို နားလည်တတ်ရမည်။ အကောက်အယူ မှန်စေရမည်။ အကောက်အယူ မတတ်က "မာတရံ ပိတရံ ဟန္တာ" ဟူသောပုဒ်ကို အဓိပ္ပာယ် နားမလည်၍ မိဘကို အသတ်မှားသူကဲ့သို့ အကျိုးဖြစ်ရမည်ကို အကျိုးမဖြစ်ဘဲ အမှားကြီး တွေ့တတ်လေသည်။ " ဟူ၍ ဆိုထားလေသည်။

တဖန် "စာပေဟူသည်" ဆောင်းပါး၌လည်း ဆရာဇေယျက " စိတ်ဓာတ်ကို အားမပေးသော စာပေါ့ စာလွင့်အနှစ်သာရကင်းမဲ့သော စာပေများကို ဖတ်နေရသူများမှာ အုပ်ရေတထောင်အထိ မနေမနား ဖတ်ရသည်ဆိုစေကာမူ စိတ်ဓာတ်မခိုင်၊ စိတ်ဓာတ်မမြဲ ဖယိုဖရဲ ဖြစ်ရပေလိမ့်မည်။ စာပျက်ပေပျက် အသော့အသွမ်းများ ဖတ်၍ နိုင်ငံကြီး ထူထောင်ခဲ့ဖူးသည်ဟု ထုံးပုံသက်သေမတွေ့။ စာတကြောင်း ကောင်းကောင်း ဖတ်ရကာမျှပင် အင်အားတိုးတက်၍ တိုင်းကြီးပြည်ကြီး ဖြစ်ဖူးသည့် ထုံးသက်သေများသာ ရှိပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာပေရေးသားရာ၌လည်းကောင်း၊ စာပေ ဖတ်ရှုလေ့လာရာ၌လည်းကောင်း၊ သတိကြီးစွာထားအပ်ပေသည်။ ဖေတော့မောင်တော့စသော တဒင်္ဂမျှ စိတ်ကြွစေပြီးနောက် ငေးမှိုင်တွေဝေ အင်အားဖျော့တော့ ကြုံလှီ၍ သွားစေတတ်သော ဘိန်းဘင်းကဲ့သို့သော စာပေများနှင့်သာ ကျွန်ုပ်တို့ အချိန်ကုန်၍ နေမည်ဆိုသော် အမျိုးသား ယိမ်းယိုင်ပျက်စီးကြောင်း လမ်းဆွေးကြီးကို လိုက်နေသည်နှင့်သာ တူပေမည်။ လောကဇာတ်ခုံကား အစအဆုံး သာယာ၍ နေသည်မဟုတ်။ ငိုပွဲလည်းရှိသည်။ ရွှင်ပွဲလည်းရှိသည်။ ဘဝနှင့် မကင်းကွာသူ ဟူသရွေ့သည် ငိုပွဲတခန်း ရွှင်ပွဲတလမ်း တွေ့ရမည်သာ ဖြစ်ပေသည်။ မည်သည့်ပွဲနှင့် ‌တွေ့ရသည် ဖြစ်စေကာမူ ရှေးပုဂံသူ ပုဂံသားများကဲ့သို့ အားရှိရှိနှင့် တွေ့ကြခြင်းသာလျှင်စိတ်ဓာတ်၏ တည်ကြည် ခိုင်မြဲရေးကို ရနိုင်ပေသည်။ သို့မှသာ ကျွန်ုပ်တို့၏ စိတ်ဓာတ်သည် သန့်စင်တောင့်တင်းလျှက် အမျိုးသား ဗိမာန်ကြီး တည်ဆောက်ရေးစခန်း၌ ခြေလှမ်းမှန်မှန်နှင့် ချီတက်နိုင်ကြပေမည်ဖြစ်ကြောင်း" ဟူ၍ ဆိုထားပေသည်။

ဒါတွေဟာ ဆောင်းပါး၊ ဝတ္တု၊ ကဗျာပေါင်း ၂,၀၀၀ ကျော် ရေးသားပြုစုခဲ့တဲ့ ကွယ်လွန်သူ စာပေဖခင်ကြီး ဇေယျရဲ့ စာပေအမြင်တွေပဲ ဖြစ်ပါတယ်။ ဒီအမြင်တွေကို ကျနော်တို့က ဖတ်ရှုဆင်ခြင် သုံးသပ်ကြပြီးစာဖတ်သူတိုင်းဟာ စာကောင်းတွေ ရွေးချယ်ဖတ်ရှုသင့်ကြသလို၊ ရေးသားပြုစု ထုတ်ဝေသူတွေကလည်း စာကောင်းပေမွန်တွေကိုသာ ရေးသား ပြုစု ထုတ်ဝေကြသင့်ပါတယ်လို့ တွေးနေမိပါတယ်။

ဆရာကြီး ဇေယျ ကွယ်လွန်ခြင်း ၄၃ နှစ်

စာရေးဆရာကြီးဇေယျဟာ ၁၉၈၂ ခု အောက်တိုဘာ ၄ ရက်က ကွယ်လွန်ပါတယ်။ ခုဆို ၄၃ နှစ် ရှိပြီ။ သူဟာ စာစုံရေးခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ စေတနာနဲ့ ပြည်သူသို့ တိုက်တွန်းချက် မှာကြားချက်တွေကို ရေးထားခဲ့တာတွေကလည်း များပြားလှပါတယ်။ စာဖတ်ကြဖို့၊ စာကြည့်တိုက်တွေကိုသွားဖို့၊ လမ်းဘေး စာအုပ်အဟောင်းတန်းတွေကို သွားကြဖို့၊ နိုင်ငံခြားစာပေတွေကို မြန်မာပြန်ဖို့။ မြန်မာစာပေတွေကို နိုင်ငံခြားဘာသာတွေ ပြန်ဆိုဖို့ စသည်ဖြင့် သူမှာထားခဲ့တာတွေက များလှပါတယ်။ သူ့ကွယ်လွန်ခြင်း ၄၃ နှစ်မှာတော့ တွေ့မြင် လက်လှမ်းမီ သလောက် စုဆောင်း တင်ပြလိုက်တာပါ။ ဆရာကြီးဇေယျရဲ့ စာပေအမြင်တွေ အားလုံးကိုတော့ သူ့ရဲ့စာအုပ်တွေကိုသာ ဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။

မောင်တူးေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024