
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဗာဂျီးနီးယားပြည်နယ်၊ နော့ဖော့သ်မြို့ဆီ အောက်တိုဘာ ၅ ရက်က သွားရောက်ခဲ့ပြီး အမေရိကန်ရေတပ်ရဲ့ နှစ် ၂၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပင်လယ်ပြင်ရဲ့ အသူရာများလို့ နာမည်ပေးထားတဲ့ ရေတပ်ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့ပါတယ်။
သမ္မတထရမ့်ပ်က “အမေရိကန်တော်လှန်ရေးကနေ ဒီနေ့အချိန်အထိ၊ အမေရိကန်ရေတပ်ရဲ့ ဇာတ်လမ်းဟာ နှစ်ပေါင်း ၂၅၀ ကျော်ကြာ သစ္စာစောင့်သိမှု၊ အနစ်နာခံမှုနဲ့ ကတိကဝတ်တွေ အကြောင်းကို ပုံပြင်တပုဒ်လိုပါပဲ” လို့ သူ့မိန့်ခွန်းအတွင်း ကျည်ကာမှန်နောက်ကွယ်ကနေ ပြောခဲ့ပါတယ်။
သမ္မတကတော် မေလာနီယာ ထရမ့်ပ်ကတော့ သင်္ဘောသားတွေရဲ့ ရှေ့မှာရှိတဲ့ ထရမ့်ပ်ရဲ့ ဘေးနား စင်မြင့်ပေါ်မှာ ထိုင်နေခဲ့တာပါ။
ဗင်နီဇွဲလားကမ်းလွန်မှာ တရားမဝင် မူးယစ်ဆေးဝါးတွေ သယ်လာတယ်လို့စွပ်စွဲထားတဲ့ နောက်ထပ်သင်္ဘောတစီးကို အမေရိကန်တပ်ဖွဲ့ဝင်တွေက စနေနေ့ညနေပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ထရမ့်ပ်က သူ့မှတ်ချက်အတွင်း ထည့်ပြောပါတယ်။
ကုန်းတွင်းပိုင်းမှာ ဖြစ်နေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုတွေကို အမေရိကန်က စပြီး ကြည့်ရှုကိုင်တွယ်တော့မယ်လို့ ထရမ့်ပ်ကသူ့မိန့်ခွန်းမှာ ထည့်ပြောခဲ့ ပါတယ်။
နော်ဖေ့ာခ်ရေတပ်စခန်းက ဟာရီအက်စ် ထရူးမဲန်း လေယာဉ်တင်သင်္ဘောဘေးမှာ ပြောတဲ့ မိန့်ခွန်း အတွင်း ထရမ့်ပ်က ခုလို မှတ်ချက်ချ ပြောဆိုခဲ့တာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က သောကြာနေ့က ကြေညာခဲ့တဲ့ တိုက်ခိုက်မှုကို ရည်ညွှန်းတာ ဟုတ်မဟုတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထရမ့်ပ်က "မကြာသေးမီ သီတင်းပတ်တွေအတွင်း၊ ရေတပ်ဟာ အကြမ်းဖက်သမားတွေကို ရေထဲမှာ ငရဲကျစေမယ့် ကျနော်တို့ရဲ့ စစ်ဆင်ရေးကို ပံ့ပိုးကူညီခဲ့တယ်။ မနေ့ညက နောက်ထပ်တခု လုပ်ခဲ့ပါတယ်။ အခုထိ နောက်ထပ် ရှာမတွေ့သေးပါဘူး"လို့ ပြောပါတယ်။
“သူတို့ကပင်လယ်ကနေ မထွက်တော့ဘူး၊ ဒါကြောင့် အခု ကုန်းကြောင်းနဲ့ သွားရတော့မှာမို့လို့ ကုန်းကြောင်းကို စပြီး ရှာရတော့မယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
Source: Reuters