Home
မြန်မာသတင်း
စစ်တွေတွင် ဓာတ်ဆီ တလီတာကို ကျပ်   ၁၈,၀၀၀ အထိ မြင့်တက်
DVB
·
December 9, 2025

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ဓာတ်ဆီ တလီတာကို ကျပ် ၁၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေတာကြောင့် စစ်တွေဒေသခံတွေအနေနဲ့ သွားလာရေးအဆင်ပြေဖို့ စက်ဘီး၊ ဆိုက်ကားတွေကို ပိုမိုအသုံးပြုလာကြပြီး သုံးဘီးဆိုင်ကယ်တွေနဲ့ တုတ်တုတ်မောင်းနှင်သူတွေ အလုပ်လက်မဲ့ ဖြစ်လာကြပါတယ်။

ပြီးခဲ့တဲ့တပတ်အတွက် စစ်တပ်ကသတ်မှတ်တဲ့ ရန်ကုန်မြို့အတွက် စက်သုံးဆီ လက်လီ ရည်ညွှန်းဈေးမှာ ဓာတ်ဆီ ၉၂ တလီတာကို ၂,၅၂၅ ကျပ် ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက စစ်တွေမြို့မှာ စစ်တပ်က စက်သုံးဆီ လုံလုံလောက်လောက် တင်သွင်းဖြန့်ဖြူးပေးနိုင်တာ မရှိတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေ ပိတ်ထားခဲ့ရပြီး လမ်းဘေးဆိုင်တွေမှာ ရောင်းချတာ ပိုများလာနေတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က စက်သုံးဆီ အောက်တိန်း ၉၂ တလီတာကို ငွေကျပ် ၁၄,၀၀၀ ကျပ် ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ်  ၁၈,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာနေပါတယ်။ ဒါဟာ စစ်တပ်ထုတ်ပြန်ထားတဲ့ ရန်ကုန်ရည်ညွှန်းဈေးထက် ၇ ဆလောက်များတဲ့ ပမာဏပါ။

အဲဒီလို မြင့်တက်လာတဲ့ စက်သုံးဆီဈေးကြောင့် စစ်တွေဒေသခံတွေဟာ ကုန်ဈေးနှုန်းတွေနဲ့ ဆီဈေးမြင့်တက်မှုဒဏ်တွေကြားမှာ သွားလာရေးအတွက် စက်ဘီးနဲ့ ဆိုက်ကားတို့လို အနှေးယာဉ်တွေကိုပဲ မှီခိုအားထားလာနေရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် ဆေးခန်းကို ဆိုင်ကယ်နဲ့ တလမှာတကြိမ် သွားနေပေမဲ့ လက်ရှိမှာတော့ ဆီဖိုးမတတ်နိုင်လို့ စက်ဘီးနဲ့ပဲ သွားနေရတယ်လို့ အသက် ၆၀ အရွယ် စစ်တွေဒေသခံတယောက်က ပြောပါတယ်။

“ဆီတော့ အခက်အခဲတော့ မရှိပါဘူး။ ဒါပေမဲ့ ဈေးအရမ်းများပါတယ်၊ တလီတာကို ၁၈,၀၀၀ ပါ။ မြို့ထဲကိုသွားမယ်ဆိုရင်လည်း သုံးဘီးပေါ်တက်လိုက်တာနဲ့ ၅,၀၀၀ ပေးရပါတယ်။ ဒါပေမဲ့ မသွားလို့မဖြစ်တဲ့ အရေးကြီးကိစ္စရှိလို့ သွားမယ်ဆိုရင်တော့ စက်ဘီးလေးနဲ့ သွားပါတယ်၊ ပိုက်ဆံက မရှိဘူးလေ။ ကုန်ဈေးနှုန်းတွေရော၊ ဆီဈေးတွေရော အရမ်းကြီးနေမှတော့ သွားဖို့ မတတ်နိုင်ဘူးလေ။”

ရခိုင်မှာ တိုက်ပွဲမဖြစ်ပွားမီ အရင်က စက်သုံးဆီ တလီတာကို ကျပ် ၂,၂၀၀ ရှိခဲ့ရာကနေ တကျော့ပြန် တိုက်ပွဲဖြစ်ပွားတဲ့ ၂ နှစ်နီးပါးကာလအတွင်းမှာ ကျပ် ၁၈,၀၀၀ ထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

စစ်တွေမှာ စစ်ပွဲကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးနေသလို အမြဲတမ်းမရှိတတ်တဲ့ နေ့စား အလုပ်တွေရဲ့ လုပ်အားခကလည်း တနေ့မှ ကျပ်  ၁၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိတာပါ။

ဒီလိုအခြေအနေမှာ ဆီတလီတာ ကျပ် ၁၈,၀၀၀ ဆိုတဲ့ ဈေးနှုန်းက စစ်တွေက သာမန်လူထု မတတ်နိုင်တဲ့ဈေး ဖြစ်နေပါတယ်။

တဘက်မှာလည်း ဆီဈေးမြင့်တက်လာတာနဲ့အတူ သုံးဘီးဆိုင်ကယ်တွေနဲ့ တုတ်တုတ်ယာဉ်တွေလည်း ဈေးမြင့်တက်လာပါတယ်။

၂၀၂၃ ခုနှစ်ဝန်းကျင်က သုံးဘီးဆိုင်ကယ်စီးခဟာ လူတယောက်ကို ကျပ်  ၅၀၀ ကနေ ၁,၀၀၀ အထိ အနီးအဝေးပေါ်မူတည်ပြီး ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အနည်းဆုံး ကျပ် ၅,၀၀၀ ဖြစ်နေပါပြီ။

တုတ်တုတ်ခေါ် သုံးဘီး စီးလုံးငှားယာဉ်ငှားရမ်းခကလည်း အရင်က ကျပ် ၅,၀၀၀ လောက်သာ ရှိရာကနေ လက်ရှိမှာ ကျပ် ၁၀,၀၀၀ ပေးရတဲ့အပြင် ငှားရမ်းသူက ဆီဖိုး အကုန်အကျခံနေရပါတယ်။

ဒါကြောင့် အဲဒီတုတ်တုတ်တွေကို စီးမယ့်သူမရှိတဲ့အတွက် တုတ်တုတ်သမားတွေ ဝင်ငွေနည်းပါးပြီး အလုပ်လက်မဲ့ ဖြစ်လာကြတယ်လို့ စစ်တွေဒေသခံ တုတ်တုတ်မောင်းနှင်သူတယောက်က ပြောပါတယ်။

“အဓိက ဆီဈေးကြောင့်လည်း ပါပါတယ်၊ နောက်တခုက စီးမယ့်သူတွေလည်း မရှိတော့ဘူး။ စစ်တွေမှာက လူတော်တော်နည်းသွားပြီလေ။ ပြောရမယ်ဆိုရင် မဖြစ်မနေ အရေးကြီးသွားစရာရှိမှ စီးတာများပါတယ်။ တရက်လုံးလုပ်ရင်တောင်မှ တရက်ကို ကျပ် ၁၀,၀၀၀ တောင် မရတော့ဘူး။ အဓိကက စားဝတ်နေရေးအခက်အခဲ ပိုကြုံသွားတာပေါ့။ ရှိတာလေးကို ထိုင်စား၊ ခုက အလုပ်အကိုင်လည်း အတည်တကျ မရှိတော့ဘူးလေ၊ ကြုံရာလုပ်ကိုင်စားသောက်ကြတယ်။ တရက်လုပ် တရက်ရှာစားနေရတာပေါ့။ အိမ်ပိုင်ရှင်မရှိတဲ့ အိမ်တွေကို စောင့်ကြည့်ပေးရတယ်၊ အဲလိုမျိုးတွေ လုပ်ကိုင်စားရတာပေါ့။”

လက်ရှိ စစ်တွေမြို့နယ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား လက်နက်ကြီးတွေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေပြီး စစ်ရေးတင်းမာနေဆဲပါ။

ရခိုင်မှာ စစ်တပ်ရဲ့ လမ်းခရီးပိတ်ဆို့ထားတာကြောင့် စက်သုံးဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး ဒေသခံတွေရဲ့ လူမှုဘဝရပ်တည်ရေး အများကြီး ခက်ခဲနေပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013