
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်တာတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေဖြစ်တဲ့ ချောင်းနွယ် မင်းဂံ (ဒေသအခေါ်) ရွှေမင်းဂံဆိပ်ကမ်း၊ ပါဒလိပ်နဲ့ ရေချမ်းပြင်ရှိ တပ်ရင်းတပ်စခန်းတွေကနေ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ပေါက်တာနဲ့ ရသေ့တောင်မြို့နယ်တွေကို အဓိကထား ပစ်ခတ်မှုရှိနေပြီး AA ဘက်ကလည်း အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဟိုးတနေ့ ညကလည်း အလုံး ၅၀ ကျော်လောက် ဆက်တိုက်ပစ်ခတ်နေတာပါ။ ညဥ့် ၁၁ နာရီခွဲကနေ စပြီးတော့ ၁ နာရီကျော်တဲ့ထိ လှမ်းပစ်နေကြတာပါ။ ချောင်းနွယ် မင်းဂံ (ခေါ်) ရွှေမင်းဂံဆိပ်ကမ်း မနက်မိုးလင်းတာနဲ့ နေ့တိုင်းပစ်နေကြပြီ။ ဒီနေ့လည်း လှမ်းပစ်နေကြတာပါပဲ။ တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်နေကြတာပါ။ အခုရက်ပိုင်းက လက်နက်ကြီး အပြန်အလှန် ပစ်ခတ်သံတွေက တော်တော်ပြင်းထန်လာနေတယ်။ စစ်တပ်ဘက်က လက်နက်ကြီးထိပြီး ဒဏ်ရာရတဲ့သူတွေ၊ သေတဲ့သူတွေလည်း ရှိပါတယ်။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီခွဲလောက်ကစပြီး စစ်တပ်ဘက်ကနေ လက်နက်ကြီး အလုံးပေါင်း ၅၀ ကျော်လောက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ဒေသခံတွေကြား စိုးရိမ်စိတ်တွေ မြင့်တက်ခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ကလည်း စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေကြား လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်နေတယ်လို့ အောက်တိုဘာ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
အခုလိုမျိုး နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ကြားမှာ စစ်ကောင်စီကတော့ တန်ဆောင်တိုင်ပွဲတော် ကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ စစ်တွေမြို့ရှိ ဒေသခံတွေကတော့ စားဝတ်နေရေး ခက်ခဲနေတဲ့အချိန်မှာ ခုလို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတာက အဓိပ္ပာယ်မရှိဘူးလို့ ပြောဆိုနေကြလို တဖက်မှာလည်း ပျော်ပွဲရွှင်ပွဲကို အကြောင်းပြပြီး စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားမှာကို စိုးရိမ်နေကြပါတယ်။
ဒေသခံတယောက်က “ဘုရားကြီးကွင်းမှာ စတိတ်ရှိုးစင်တွေ ဆောက်ပြီး ပျော်ပွဲရွှင်ပွဲလုပ်ဖို့ ပြင်ဆင်နေကြတယ်။ ခုက ဆောက်နေတုန်းပဲ ရှိပါသေးတယ်၊ တပတ်လောက်ပဲ ရှိသေးတာ ဆိုတော့လေ၊ ဗမာပြည်ဘက်က အဆိုတော်တွေလည်း လာမယ်လို့ကြားပါတယ်။ ဒါပေမဲ့ ဒီ ပျော်ပွဲရွှင်ပွဲတွေကို ကျနော်တို့က မလိုအပ်ဘူးလေ၊ ဒီလောက် မစားရမသောက်ရ ငတ်မွတ်ခေါင်းပါးပြီး ဒုက္ခရောက်နေတဲ့နေရာမှာ စိတ်လည်းမဝင်စားနိုင်တော့ဘူးလေ။ နောက်တခုက ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်တာပေါ့နော်။ ပွဲကိုသွားပြီးတော့ ဖမ်းခေါ်သွားရင် ကျနော်တို့က ဘာမှ မတတ်နိုင်တော့ဘူးလေ၊ ပြန်ရွေးစရာပိုက်ဆံလည်း မရှိဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေကြား ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်တဲ့အပြင် အခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှု ပိုမိုပြင်းထန်လာနေတဲ့အတွက် တိုက်ပွဲပြန်စနေပြီလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ပဲ နေနေကြရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ခုလိုမျိုး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတာက စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို မဲဆွယ်စည်းရုံးဖို့အတွက် ဖြစ်တယ်ဆိုတဲ့ သုံးသပ် ပြောဆိုနေကြပါတယ်။
ကေခိုင်


