Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး မေတ္တာရပ်ခံပေးရန် သံဃမဟာနာယကကို ပန်ကြား
DVB
·
December 7, 2025
Photo: Hands Of Peace Myanmar Youth Association JP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံပေးဖို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးတွေဆီ ဂျပန်ရောက်မြန်မာလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ (Hands Of Peace) က ပန်ကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်တောင်းဆိုတာဖြစ်ပြီး အရပ်သားပြည်သူ ၃ သန်းကျော် စစ်ရှောင်နေရလို့ ဆင်းရဲဒုက္ခရောက်နေသလို လေယာဉ်ဗုံးကြဲမှုတွေ၊ တိုက်ပွဲ‌တွေကြောင့် နေ့စဉ်ပြည်သူတွေ သေဆုံးနေရတဲ့အတွက် ပြည်သူတွေအားလုံး ထိခိုက်နာကျင်ခံစားနေကြရပြီလို့ ဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကပဲ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လမ်းစဖြစ်ပြီး ပြည်သူ‌တွေရဲ့ ဒုက္ခတွေကို ရပ်တန့်ပေးနိုင်ဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ တိုင်းပြည် ပြန်လည်တည်ငြိမ်ရေးကို ဆောင်ရွက်နိုင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီအတွက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‌‌မေတ္တာရပ်ခံပေးဖို့ မြန်မာပြည်သူတွေကိုယ်စား ပန်ကြားအပ်ပါတယ် လို့ Hands Of Peace က ဆိုပါတယ်။

ကနောင်မင်းသားကြီး ရေမြှုပ်ဗုံး စမ်းသပ်တီထွင်တုန်းက သာသနာပိုင်ဆရာတော်ကြီးတပါးက ဆက်မလုပ်ဖို့ မေတ္တာရပ်ခံခဲ့သလို  ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဂဠုန်ဦးစောရဲ့ သေမိန့်ကိုတောင် ဆရာတော်တပါးက အသက်အလှူခံခဲ့တယ်လို့ မှတ်သားဖူးကြောင်းလည်း စာမှာ ဖော်ပြပါတယ်။

တိုင်းပြည်တည်ငြိမ်ရေးနဲ့ လောကကောင်းကျိုး၊ လူသားအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစေဖို့ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးတွေအနေနဲ့ ခေတ်သစ်သာသနာတော်သမိုင်းတင်ပြီး မေတ္တာတရားထားပေးပါလို့လည်း ပန်ကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013