Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်ကို မင်းအောင်လှိုင် ဘာကြောင့် ကြောက်နေရသလဲ
DVB
·
December 4, 2025

မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်လာပြီလို့ ဆိုလိုက်တော့ ဒေါ်နယ်ထရမ့်ပ် အစိုးရဟာ မြန်မာ့အလင်း၊ ကြေးမုံလောက်သာ ဖတ်ပြီး မြန်မာ့အရေးကို အကဲဖြတ်လိုက်တာလား ဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ် လာတယ်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက် မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့် TPS ဖျက်သိမ်းကြောင်း ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့အခြေအနေက နေရပ်ပြန်ဖို့ ဘေးကင်းလုံခြုံပြီလို့ ဆိုထားရုံတင်မက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတယ်။ အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေးလည်း ရှိနေပြီလို့ ဆိုထားတာကြောင့် ဒါဟာ အမေရိကန်ဝန်ကြီးဌာနတခုက ထုတ်ပြန်တာမှ ဟုတ်ရဲ့လားလို့ ၂ ခေါက်မက ထပ်ကြည့်ရပြန်တယ်။

နေပြည်တော်က မင်းအောင်လှိုင်နဲ့ လက်တဆုပ် စစ်ဗိုလ်ချုပ်တသိုက်ကတော့ ဒါမှ တို့ ဒေါ်နယ် ထရမ့်ပ်လို့ ကြွေးကြော်ကာ ဖန်ခွက်မြှောက် သိုင်းကွက်နင်းကြမှာ အသေအချာပါပဲ။

TPS ဖျက်သိမ်းကြောင်း ထုတ်ပြန်ပြီး နောက်တရက် နိုဝင်ဘာ ၂၆ ရက်မှာပဲ နိုင်ငံရေးအကျဉ်းသား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ပုဒ်မတွေကို ရွေးကောက်ပွဲ မဲပေးဖို့ အကြောင်းပြချက်နဲ့ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ကြေညာလိုက်တာဟာ အမေရိကန်ရဲ့ သ‌ဘောထားကို အဆင်းဘီးတပ်ပေးလို့ ရနိုင်မလားဆိုတဲ့ အိပ်မက်နဲ့ ခြေတလှမ်း မြန်မြန်လှမ်းလိုက်ကြောင်း သိသာတယ်။

နိုင်ငံရေးအကျဉ်းသား ၅၀၅-က သီးသန့် လွတ်ငြိမ်းခွင့်ပြုတာဆိုတော့ နိုင်ငံတကာမြင်အောင် ထုတ်ရှိုးလို့ကောင်းတာ သေချာတယ်။ ၅၀၅-က နဲ့ အမှုရင်ဆိုင်ဆဲနဲ့ ထွက်ပြေးတိမ်းရှောင် ၅,၅၈၀ ဦးတို့ရဲ့ အမှုတွေကို ပိတ်သိမ်း၊ ၅၀၅-က အပြင် တခြားပုဒ်မတွေနဲ့ပါ ထောင်ဒဏ်ကျ ၂,၃၆၁ ဦးကို ၅၀၅-က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာ။ ၅၀၅-က တခုတည်းနဲ့ ထောင်ကျ နိုင်ကျဉ်း ၇၂၄ ဦးကို ပြန်လွှတ်။

စစ်အုပ်စုရဲ့ ထုံးစံအတိုင်း လွတ်ငြိမ်းခွင့်ပေးတာကိုတောင် အဲဒီလို ကိန်းဂဏန်းတွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ ကြီးကျယ်ခမ်းနားသယောင် လုပ်ပြတယ်။ သေချာစစ်ဆေး ဖြည်ထုတ်ကြည့်လိုက်တော့ လွတ်မြောက်လာသူ အများစုက လွတ်ရက်စေ့တော့မယ့်သူတွေ။ အုတ်ရိုးနောက်က ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၂,၇၀၄ ဦး ကျန်နေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းက ဆိုတယ်။ အာဏာသိမ်းစစ်တပ်က ပေးခဲ့တဲ့ လွတ်ငြိမ်းခွင့် ၁၈ ကြိမ်မှာ နိုင်ငံရေးအကျဉ်းသား ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း ISP-Myanmar က ထုတ်ပြန်ထားတယ်။ လွတ်ငြိမ်းကြေညာတဲ့ ရက်ဝန်းကျင် နိုဝင်ဘာ ၂၅၊ ၂၇ နဲ့ ၂၈ ရက်တို့မှာ ဒါရိုက်တာမိုက်တီး၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းနဲ့ သရုပ်ဆောင် ကျော်ဝင်းထွဋ် တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချလိုက်တာလည်း မှတ်သားစရာ ကောင်းနေပြန်တယ်။

နိုဝင်ဘာ ၂၆ ရက် လွတ်ငြိမ်းဟာ နိုင်ငံရေးသမားသီးသန့် ဆိုပေမဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား တဦးမှတောင် မပါ။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အဝေးကြီး။ ဒါပေမဲ့ စစ်တပ်လော်ဘီတချို့ဆီကနေ ရွေးကောက်ပွဲပြီးရင် လာမှာပေါ့ဆိုတဲ့ မျှော်လင့်ချက်ပေးတဲ့အသံ ထွက်ပေါ်လာတယ်။ အဲဒီအသံကို နောက်တမျိုး ဘာသာပြန်ရရင် ရွေးကောက်ပွဲကို မနှောင့်ယှက်ကြနဲ့၊ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးမြောက်မှ ကျန်တာတွေ ဖြစ်လာနိုင်မယ်လို့ ပြောချင်တဲ့ပုံ။

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးခဲ့ဖူးတာလည်း ရှိနေတော့ ၂၀၂၅ တရားမဝင်ရွေးကောက်ပွဲ အပြီးမှာ ပြန်လွှတ်ပေးမလားလို့ တော်လှန်ရေးအင်အားစုထဲက နိုင်ငံရေးလက်ပန်းကျနေသူတချို့တောင် မျှော်လင့်ကြသေးတယ်။

အဲဒီလို မျှော်လင့်ကြမယ်ဆိုရင် ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့် ဖမ်းထားသလဲ ဆိုတာ အရင်ဆန်းစစ်ကြဖို့လိုပါမယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့် ဖမ်းဆီးထားပါသလဲ။ တကြောင်းတည်းနဲ့ ချုပ်ရရင် စစ်ဗိုလ်ချုပ်တွေရဲ့ အငြိုးအတေးနဲ့ အကြောက်တရားကြောင့်လို့ ဆိုရပါမယ်။

ဒုတိယအာဏာရှင် သန်းရွှေက စလို့ များစွာသော စစ်ဗိုလ်ချုပ်တို့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ မတရားအာဏာနဲ့ နိုင်ငံရေးအနာဂတ်ကို ရိုက်ချိုးနိုင်စွမ်းရှိသူတဦးအဖြစ် အကြောက်တရား ကြီးခဲ့ရုံတင်မက ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာပြည်သူအများစုက ခြွင်းချက်မရှိ ထောက်ခံကာ နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြခြင်းကိုလည်း မနာလိုစိတ် ကြီးခဲ့ကြတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေ ထောက်ခံသလိုမျိုး လိုချင်ကြပေမဲ့ နောင်ဘဝမှာတောင် မဖြစ်နိုင်မှန်းလည်း သိနေလေတော့ တောက်သံပြင်းပြင်းခတ်ကာ အငြိုးတကြီးနဲ့ အကျယ်ချုပ်ချခဲ့တာ စစ်အစိုးရလက်ထက် တလျှောက်လုံးပါပဲ။

ရိုးရိုးကြီး သိန်းစိန်အစိုးရ လက်ထက်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကြား နိုင်ငံရေးကူးလူးမှုတွေကို တားဆီးပိတ်ပင်လို့လည်း မရတော့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘာလဲဆိုတာကို မကြည့်ချင်တောင် မြင်နေရတော့တယ်။ နိုင်ငံတကာရဲ့ ဖိတ်ခေါ်မှုကြောင့် ပြည်ပခရီးစဉ်တွေလည်း အလီလီ။ ကြိုဆိုမှုတွေကလည်း သည်းသည်းလှုပ်။ ဋ္ဌာန်ကရိုဏ်းကျလှတဲ့ အင်္ဂလိပ်လို မိန့်ခွန်းတင်မက ပြင်သစ်လိုတောင် ပြောလိုက်သေးဆိုတော့ မြန်မာလိုပြောတာတောင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေတဲ့ စစ်ဗိုလ်ချုပ်တွေ ကြိတ်မနိုင် ခဲမရ။ အေဘီစီဒီလောက်မှာ တိုင်ပတ်နေတဲ့ မင်းအောင်လှိုင်ခမျာ အံတကြိတ်ကြိတ်နဲ့ မနာလိုစိတ်တွေကလည်း သူ့သွေးသားထဲ အပွားမြန်တဲ့ ကင်ဆာဆဲလ်တွေလိုမျိုး။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြတ်သားစွာ အနိုင်ရပြီး ကြံ့ဖွံ့အစိုးရ သက်တမ်းမကုန်သေးတဲ့အချိန်မှာ ရိုးရိုးကြီးသိန်းစိန်တောင် ကလိမ်နည်း ကလိမ်ဉာဏ်တွေနဲ့ ဝန်ကြီးဌာနဘတ်ဂျက်တွေ ကုန်အောင်သုံးခိုင်းတယ်ဆိုတဲ့ သတင်း ထွက်ခဲ့သေးတယ်။ NLD အစိုးရ တက်လာခြင်းဟာ ၂၀၂၀ မှာ သမ္မတဖြစ်ဖို့ အိပ်မက်မက်နေတဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးမျှော်လင့်ချက်ကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ နောက်တကြိမ် အစိုးရမဖြစ်ရေးဟာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ အဲဒါကြောင့်လည်း NLD အစိုးရလက်ထက် တိုင်းပြည် ရှေ့တလှမ်း မတက်လာစေရေးအတွက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဝင်တွေ နည်းလမ်းမျိုးစုံနဲ့ ခြေထိုးခံခဲ့ကြတယ်။

စစ်အုပ်စုက နိုင်ငံရေးအောက်လမ်းနည်း မျိုးစုံသုံးကာ ကန့်လန့်တိုက် ခြေထိုးခံနေတဲ့ကြားကပဲ တိုင်းပြည် ရှေ့တလှမ်းတိုးလာတာကို ပြည်သူတွေ လက်တွေ့ခံစားခဲ့ရတယ်။ NLD အစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ အလိုချင်ဆုံးဆန္ဒ တိုင်းပြည်စီးပွားရေး တိုးတက်လာပြီး အာရှရဲ့ နောက်ပေါက် ကျားတကောင်အဖြစ် ပြည်သူတွေ မျှော်လင့်ချက်ကြီးခဲ့တယ်။ အဲဒီလို မျှော်လင့်ခဲ့တာကြောင့်ပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ အလုံးအရင်းနဲ့ ပုံအောခဲ့လို့ NLD ပါတီ မြင့်မြင့်မားမား အောင်ပွဲခံခဲ့ပြန်တယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်က မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးမျှော်လင့်ချက်ကို ပွဲသိမ်းရိုက်ချက် နိုင်ငံရေးလားပင်စင်လည်း ဖြစ်နေပြန်တယ်။ ၂၀၂၁ နှစ်လယ်လောက်မှာ ကာချုပ်ဘဝ ပင်စင်လည်း ယူရတော့မှာမို့ အာဏာလက်မဲ့ဘဝမှာ ထောင်သမံတလင်း ခေါင်းအုံးအိပ်ရတာမျိုးလည်း ဖြစ်နိုင်ကြောင်း မလုံမလဲ အိပ်မက်ဆိုးတွေလည်း မက်ခဲ့ပုံရတယ်။

အဲဒီမှာ ချောင်ပိတ်မိနေတဲ့ခွေး မာန်ဖီတော့တယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ပါတီ ပြတ်သားစွာ အနိုင်ရရှိကြောင်း မဲရလဒ် ထွက်ပေါ်ချိန်ကစလို့ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်အထိ ကာလမှာ NLD အစိုးရ ထိပ်သီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ မင်းအောင်လှိုင်က ကိုယ်စားလှယ်တွေ စေလွှတ်ပြီး သူ့ကို သမ္မတရာထူးပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တယ်။ မင်းအောင်လှိုင်က သူ့တောင်းဆိုချက် မရတဲ့အဆုံး လွှတ်တော်မခေါ်ယူခင် အာဏာသိမ်းလိုက်တယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ခဲ့တယ်။ ဘာ့ကြောင့် အတည်မပြုနိုင်သေးတာလဲ ဆိုတော့ အတည်ပြုပေးမဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ရဲ့လူယုံ အနည်းငယ်ကို ဒီနေ့ထိ မင်းအောင်လှိုင်က ဖမ်းဆီးထားတာကြောင့်ပါပဲ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်၊ နေပြည်တော်၊ ဇမ္ဗူသီရိတရားရုံးမှာ သမ္မတဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်စာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ပေါက်ကြားမှုတခုလည်း ရှိသေးတယ်။ အဲဒါက အာဏာသိမ်းတဲ့မနက် မင်းအောင်လှိုင်ခန့် စစ်တပ်အရာရှိကြီး ၂ ဦးက ဦးဝင်းမြင့်ကို ကျန်းမာရေး အကြောင်းပြကာ သမ္မတရာထူးကနေ နုတ်ထွက်ခိုင်းရာမှာ ဦးဝင်းမြင့်က အသက်သာ အသေခံမယ်၊ နုတ်ထွက်မပေးနိုင်ကြောင်း ပြောကြားချက်။ သမ္မတဦးဝင်းမြင့်ရဲ့ အဲဒီထွက်ဆိုချက်ဟာ မှန်နိုင်ခြေ ရာနှုန်းပြည့်ရှိပေမဲ့ ဦးဝင်းမြင့်ရဲ့ တရားဝင်ပြောကြားချက် မဟုတ်သေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဆိုရပါမယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီးနဲ့ အာဏာမသိမ်းခင် ကြားကာလမှာ မင်းအောင်လှိုင် အရူးမီးဝိုင်းဖြစ်ကာ သမ္မတရာထူးပေးရေး အရှက်သိက္ခာမဲ့ အတောင်းအရမ်းပက်စက် ခြိမ်းခြောက်ခဲ့တာတွေနဲ့ အာဏာသိမ်းတဲ့မနက် အဖြစ်အပျက်တွေကို ကာယကံရှင်တွေက တရားဝင် ထုတ်ဖော်ပြောကြားခွင့်ရခဲ့ရင် မင်းအောင်လှိုင် ဗြောင်လိမ်နေတဲ့ အာဏာထိန်းတာပါဆိုတဲ့ ဇာတ်ညွှန်းဟာ အချက်အလက်ခိုင်လုံစွာနဲ့ ပျက်ပြယ်သွားပါတော့မယ်။ အထူးသဖြင့် ကမ္ဘာ့အဆင့် ဩဇာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကသာ ထုတ်ဖော်ပြောကြားခဲ့မယ်ဆိုရင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ကာ အာဏာသိမ်းခဲ့သူဖြစ်ကြောင်း ကမ္ဘာကြီးက ထပ်လောင်း အတည်ပြုလိုက်ပါတော့မယ်။ ပြောရရင် မင်းအောင်လှိုင်ရဲ့ ဘဝပေးအခြေအနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဩဇာကြီးမှုကို အစဉ်အဆက် ကြောက်ခဲ့ရရုံတင်မက ဒေါ်အောင်ဆန်းစုကြည်က အမှန်တရား ဖော်ထုတ်မှာကိုလည်း ကြောက်နေရတာပါ။

ဆိုတော့ မင်းအောင်လှိုင် ကြောက်နေရတဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင် ရွေးကောက်ပွဲပြီးရင် ပြန်လွှတ်မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စာရှုသူတို့ ကိုယ့်ဘာသာ ဖြေဆိုကြည့်စေလိုပါတယ်။

သေချာတာက ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရခေါင်းဆောင်တွေ အနေနဲ့ မင်းအောင်လှိုင်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ရုံတင်မက နိုင်ငံရေးစကားလည်း တခွန်းတောင် မပြောတော့ဘဲ နိုင်ငံရေးကန့်လန့်ကာ ချလိုက်ကြမယ် ဆိုရင်တော့ အခုချက်ချင်းလည်း လွှတ်ပေးမှာပါပဲ။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တိုင်းဖျက်ပြည်သတ် စစ်အာဏာရှင်တွေကို အညံ့မခံဘူး ဆိုတာလည်း သိပ်သေချာနေပါတယ်။

လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013