
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ ရက် ညနေခင်းမှာ စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းကစတင်ပြီး ခင်မွန်ရွာကနေ ကျီကုန်းရွာကို ဖြတ်သန်းပြီး ချောင်းဦးမြို့ကို သွားရောက်ခဲ့ကာ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့ကနေ ကျီကုန်းရွာကို ပြန်လည် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စခန်းချနေထိုင်ကာ အခု ဒီဇင်ဘာ ၅ ရက်မှာ ရွာကို မီးရှို့တာလို့လည်း သိရပါတယ်။
ကျီကုန်းရွာသားတယောက်က “ရွာအလယ်ပိုင်းနဲ့ ရွာတောင်ပိုင်းကနေ စရှို့နေတာ။ မြောက်လေက တိုက်နေတာဆိုတော့ တောင်ပိုင်းတပိုင်းလုံး အကုန်ပြာကျမဲ့သဘော ရှိတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ ရွာမှာ တပ်စွဲနေတာ ၆ ရက်အထိ ရှိနေပြီဗျ။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး မီးရှို့တာလဲမသိဘူး။ ရွာသားတွေကတော့ နိုဝင်ဘာ ၂၉ ရက်နေ့ကတည်းက စစ်ရှောင်နေကြရတာ။ ဘယ်သူမှ ရွာထဲမဝင်ရဲကြသေးဘူး။ အဲလိုဆိုတော့ ရွာတွင်းအခြေအနေကတော့ ဘာမှ အတိအကျ မသိသေးလို့ အတိအကျ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
ကျီကုန်းရွာသား ၃၀ ကို စစ်တပ်က နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘဲ ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီမှာ ကျီကုန်းရွာနဲ့ ခင်မွန်သွား လမ်းမှာ အဆိုပါ ဖမ်းဆီးထားသူတွေကို မိုင်းရှာခိုင်းတယ်လို့ သိရပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “ကျနော်တို့နဲ့က တိုက်ပွဲမဖြစ်သေးဘူး။ သူတို့ရွာကို ရှို့ချင်လို့ကို အကြောင်းမဲ့ရှို့နေတာ။ မိုင်းရှာခိုင်းတဲ့ နေရာမှာတောင် ကျီကုန်းရွာ ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေတောင် ချမ်းသာမပေးဘဲ မိုင်းရှာခိုင်းနေတာကိုလည်း ကျနော်တို့ မြင်တွေ့ကြရပါတယ်” လို့ ပြောပါတယ်။
ကျီကုန်းရွာဟာ အိမ်ခြေ ၄၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်အတွင်း ကျီကုန်းရွာနဲ့ အမြင့်ရွာမှာ စစ်တပ်က စုစုပေါင်း အင်အား ၇၀၀ ကျော်နဲ့ အထိုင်ချ စစ်ကြောင်းထိုးဖို့ အင်အားစုဖွဲ့နေတာကြောင့် ဘုံတို အပါအဝင် ကျေးရွာ ၁၁ ရွာက ပြည်သူတွေ စိုးရိမ်နေကြပြီး တချို့ဒေသခံတွေကတော့ ဘေးလွတ်ရာ ရှောင်တိမ်း ထွက်ပြေးနေကြရပါတယ်။


