
ထိုင်းနယ်စပ် သောင်ရင်းမြစ်တဖက်ကမ်း မဲ့ကိုကင်းကျေးရွာမှာ ဒီဇင်ဘာ ၅ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပြီး ထိုင်းနိုင်ငံသားတယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် မင်းလက်ပံကျေးရွာအနီးမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ပွဲအတွင်းကို စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူပေး ပစ်ခတ်ခဲ့တာကြောင့် မဲ့ကို့ကင်းကျေးရွာတွင်းကို ကျရောက်ပြီး ထိုင်းနိုင်ငံသား အမျိုးသားတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာပါ။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “လက်နက်ကြီးကျရောက်လို့ ထိုင်းနိုင်ငံသား ထိမှန်ဒဏ်ရာရတာ။ ထိုင်းအာဏာပိုင်တွေတော့ လာကြည့်သွားတယ်။ အခုလက်ရှိ မင်းလက်ပံနားမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတုန်းပဲ” လို့ ပြောပါတယ်။
မင်းလက်ပံရွာရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကို ထိရောက်စွာနှိမ်နင်းနိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ကရင်အမျိုးသားအစည်းအရုံးက (KNU) က ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လူ၊ လက်နက်အင်အား ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာပါ။
ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲလောက်က စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်က ကျေးရွာအတွင်းကျရောက်ပြီး အသက် ၆၇ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးတယောက် ဘယ်ဘက်ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာဘက်ခြမ်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက် ကျရောက်တာကြောင့် သောင်ရင်းမြစ်ကမ်းတလျှောက်က နယ်စပ်ဂိတ်တွေကို ၇ ရက်တိတိ ပိတ်ပင်လိုက်တယ်လို့ ဒီဇင်ဘာ ၁ ရက်မှာ ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။


