
အာဏာသိမ်းစစ်တပ်က သူတို့ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ ဖြိုခွင်းဖမ်းဆီးလေ့ရှိတာမှာ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းဖြစ်ရပ်က မှတ်တမ်းတခုအနေနဲ့ ပါဝင်နေပါတယ်။
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် (အောက်) ပန်းပင်ကြီးလမ်းမှာ နိုင်ငံတော်သမ္မတကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို မတရားစီရင်ချက်ချမဲ့ ရုံးချိန်းမတိုင်ခင်မှာ လူငယ်သပိတ် ဦးဆောင်သူတွေနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြ ကြွေးကြော်ချီတက်စဉ်မှာ စစ်ကောင်စီတပ်က စစ်ကားနဲ့ ရက်ရက်စက်စက်တိုက်ကာ အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ဖြစ်ရပ်က ဒီကနေ့ ဒီဇင်ဘာ ၅ ရက်ဆိုရင် ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
ကားနဲ့အတိုက်ခံရတဲ့အထဲ သတင်းယူနေတဲ့ သတင်းထောက် မှူးရတနာခက်ခက်ထွန်း ကတော့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွင်း ပြင်းထန်ဒဏ်ရာတွေနဲ့ အခုထိတိုင် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
“သူတို့ အဲဒီဘက်မှာရှိတယ်လို့ သိတယ်၊ မဟုတ်လောက်ဘူးလို့ပဲ ထင်ခဲ့တာ။ အနီးကပ်ပုံတွေ တွေ့လိုက်ရတဲ့အခါ ငိုမိသွားတယ်။ တော်တော်လည်း ရင်ထဲမကောင်း ဖြစ်သွားတယ်။ သူ့ကို မဆုံးရှုံးချင်ဘူး။ သူ မသေပါစေနဲ့လို့ပဲ ဆုတောင်းခဲ့တယ်။”
မမှူးရတနာနဲ့အတူ အလုပ်လုပ်ကိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တယောက်က အခင်းဖြစ်ပွားခဲ့တဲ့နေ့က ဖြစ်စဉ်တွေအကြောင်း ပြန်ပြောပြရင်းနဲ့ မမှူးရတနာရဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြပါတယ်။
“မမှူးက အရမ်းသဘောကောင်းတယ်။ အငယ်တွေအပေါ်မှာလည်း အရမ်းမေတ္တာရှိတယ်။ ကိုယ်ချင်းစာစိတ်ရှိတယ်၊ သူ့ရဲ့ စကားပြောစွမ်းရည်တွေ လူမှုပေါင်းသင်းဆက်ဆံရေးတွေက အရမ်းကောင်းတယ်ပေါ့။ သူ့ကို လူချစ်လူခင်ပေါတယ်။ အခု သူက အရင် မမှူးရတနာ မဟုတ်တော့တဲ့ အခြေအနေမှာ သူသာ ပြန်လွတ်လာခဲ့ရင် သူဘာလုပ်စားမလဲ၊ သူ ဘာတွေ လိုအပ်မလဲ၊ သူသာ တခုခုလုပ်ချင်တယ်ဆိုရင် ကိုယ်တွေ ဘေးနားကနေ တတ်နိုင်သလောက် ကူညီပေးဖို့ ရည်ရွယ်ထားတယ်။ အမြဲတမ်း စိတ်ပူနေရတဲ့ အခိုက်အတန့်တွေက များပါတယ်။”
ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံတွေနဲ့ ဖြစ်စဉ်အကြောင်း ပြန်ပြောပြသူတွေရဲ့ ပြောဆိုချက်အရ ကားနဲ့ဝင်တိုက်ခိုက်ခံရစဉ် လူ ၆ ယောက် လွင့်စင်လဲကျခဲ့ပြီး အဲဒီသူတွေ အပါအဝင် ၁၁ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအထဲ အသက်မပြည့်သေးသူတွေ ပါဝင်ခဲ့လို့ ပြန်လွှတ်ပေးခဲ့ကာ ၉ ယောက်က ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး အခုအချိန်မှာတော့ ၈ ယောက် ပြန်လွတ်လာခဲ့တာကြောင့် မမှူးရတနာခက်ခက်ထွန်း တယောက်သာ အကျဉ်းထောင်ထဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။
သပိတ်ကို မနက် ၈ နာရီ ၄၀ မှာ ပုံမှန်စီစဉ်ထားတဲ့အတိုင်း ကြွေးကြော်သံနဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး သပိတ်စတင်ဖို့ ပြင်ဆင်ပြီးချိန်မှာပဲ သိပ်မကြာခင်မှာ စစ်တပ်က (Double cap) ကားတစီးနဲ့ ဆန္ဒပြလူအုပ်ကို ဝင်တိုက် ဖြိုခွင်းစဉ်မှာ ရှိခဲ့တဲ့ သပိတ်ဦးဆောင်သူတယောက် ဖြစ်သလို ကြွေးကြော်သံတိုင်ပေးဖို့ လူအုပ်အလယ်မှာ ရှိနေခဲ့တဲ့ “ရန်ကုန်လူထုသပိတ်” က ရဲဘော် Libera က အဲဒီနေ့ကအကြောင်း ပြန်ပြောပြပါတယ်။
“သပိတ်ပွဲကို ပြန်ကြည့်မယ်ဆိုရင် စစချင်းမှာပဲ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံအားပေးတာကို ကျနော်တို့ ရတယ်။ ဒီကြွေးကြော်သံတွေ ဆူညံနေတဲ့ကြားထဲကမှ တဖက်တချက်စီမှာ ပြည်သူတွေရဲ့ တိုက်တန်းတွေပေါ်က ပြည်သူတွေက လှမ်းမြင်တာ။ အနောက်ကနေ စစ်ကားလာနေတာကို သတိပေးကြ အော်ပြောကြတယ်။ ပြေးကြ ပြေးကြ ဆိုတဲ့ အသံကို ကျနော်တို့ ကြားတယ်။ ကြားကြားချင်းပဲ ဘယ်လောက်မှမကြာဘူး၊ သပိတ်ပွဲချီတက်နေတဲ့ လူအုပ်ကြီးကို ကားနဲ့ဝင်တိုက်လိုက်တဲ့အသံကို ကျနော် ထပ်ကြားလိုက်ရတယ်။ ပြေးကြဆိုတဲ့ အသံကို ကြားကြားချင်းပဲ ညာဘက်အခြမ်းကို ကျနော်က ပြေးဆင်းလိုက်တဲ့အတွက် ကံကောင်းစွာနဲ့ လွတ်မြောက်သွားတယ်။ ထွက်ပြေးပြေးချင်းမှာပဲ ကျနော် ကားတိုက်တဲ့အသံ ထပ်ကြားလို့ နောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ကားတိုက်လို့ ကျနော့်ရဲဘော်တွေ လွင့်ထွက်သွားတာကို ကျနော်မြင်ရတယ်။ နောက် ကားအောက်ဝင်သွားတဲ့ ရဲဘော်တွေပေါ့၊ သူတို့ကတော့ တော်တော်လေး မသက်သာဘူး၊ ကားနဲ့ တက်ကြိတ်ခံလိုက်ရတာ။”
ကားနဲ့အတိုက်ခံရတာ၊ အကြိတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် စစ်တပ်ရဲ့ လွယ်လင့်တကူ ဖမ်းဆီးခေါ်ဆောင်တာ ခံရပြီး နောက်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်တွေ မရတဲ့အတွက် ဆန္ဒပြလူငယ်တွေနဲ့ သပိတ်ရဲဘော်တွေဟာ ဦးခေါင်းဒဏ်ရာတွေနဲ့ ကိုယ်လက်အင်္ဂါတွေ ထိခိုက် ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ရဲဘော်တွေကို မြင်ရတိုင်း စစ်တပ်ကို နာကြည်းရကြောင်း ရဲဘော် Libera က ဆက်ပြောပြပါတယ်။
“ကိုယ့်သပိတ်ရဲဘော်တွေ ကားနဲ့အတိုက်ခံရပြီး သွေးထွက်သံယိုနဲ့ မြင်ကွင်းဟာ ကျနော့်ဘဝမှာ အိပ်မက်ဆိုးသဖွယ် အမြဲရှိနေခဲ့ပါတယ်။ စစ်တပ်လို့ ကြားရင်တောင် ကျနော် ကျောချမ်းပါတယ်။ ရဲဘော်တွေကို ဒီလိုမျိုးဖြစ်အောင် လုပ်ခဲ့တဲ့ စစ်တပ်တဲ့၊ တော်တော်လေး နာကြည်းရတယ်ဗျ။ ပြည်သူတွေကလည်း ဒီလိုဖြစ်ရပ်ကို မမေ့ပျောက်နိုင်ဘဲ ဒီလိုနေ့မျိုး ရောက်လာတိုင်း ထပ်တူ နာကြည်း ဝမ်းနည်းနေရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
ဆန္ဒပြရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသောအားဖြင့် မြို့ပြသပိတ်ရဲဘော်တွေဟာ ပန်းပင်ကြီးလမ်းမှာ နှစ်စဉ်တိုင်းလိုလို ဆန္ဒပြကြွေးကြော်သံတွေနဲ့ ချီတက်လေ့ရှိပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းမြောက်/အရှေ့ရပ်ကွက် ပန်းပင်ကြီးလမ်းမှာပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးရပ်တည်ဖို့ ဆန္ဒထုတ်ဖော်နေတဲ့ လူငယ် ၂၀ ကျော်ဟာ ထပ်မံဖမ်းဆီးခံခဲ့ရပါသေးတယ်။
ပန်းပင်ကြီးလမ်းဖြစ်စဉ်ရဲ့ တဦးတည်းသော အကျဉ်းထောင်ထဲ ကျန်ရစ်သူ မမှူးရတနာခက်ခက်ထွန်း ပြန်လွတ်လာဖို့ စစ်ကောင်စီက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတဲ့အချိန်ကို မျှော်လင့်နေကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တယောက်က ဆိုပါတယ်။
“ပြီးခဲ့တဲ့ လွတ်ငြိမ်းတုန်းကလည်း မမှူးများ ပါမလားလို့ တွေးတယ်။ သူနဲ့ သက်ဆိုင်ရာတွေကိုလည်း အမြဲမေးတယ်။ မမှူးပါလာလား၊ ပါမှာလား အခြေအနေဘယ်လိုရှိလဲ၊ ပြီးရင် မမှူးရဲ့ ကျန်းမာရေးရော၊ အခုဆို သူတို့ရဲ့မိသားစုဝင်စစ်စစ် မဟုတ်တဲ့သူတွေက တွေ့ခွင့်လည်းမရဘူး၊ ဆက်သွယ်ခွင့်လည်း မရဘူး၊ ရှေ့ဆက်လို့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ်တွေက လွတ်ငြိမ်းမှာ ပါလာဖို့ အမြဲဆုတောင်းတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ရက်တွေတိုင်းကို သူ့ကိုမျှော်လင့်ပါတယ်။”
ဒီ ပန်းပင်ကြီးလမ်း ဖြစ်စဉ်မှာ ကားနဲ့ ဝင်တိုက် ဖြိုခွင်းမှုကြောင့် သေဆုံးသူ မရှိခဲ့ပေမဲ့ လူငယ်ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ ခန္ဓာကိုယ်တွေဟာ ပုံမှန်အတိုင်း ဘဝကို ဖြတ်သန်းခွင့် ရှိမနေတော့ပါဘူး။
စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်ကာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူပေါင်းဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်ထိဆိုရင် ၃၀,၀၇၄ ယောက် ရှိလာပြီဖြစ်ပြီး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ပြည်သူ ၂၂.၆၇၃ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝေဝေ


