
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်လင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၂ စစ်ဆင်ရေးနယ်မြေက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့ မနက်ပိုင်းမှာ နတ်တလင်းမြို့နယ်၊ ရှားဖြူကုန်းကျေးရွာက စစ်တပ်ဂိတ်စခန်းကို PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်ပကဖ တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့ပြီး ကျန်တဲ့ စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်ဒဏ်ရာတွေရရှိကာ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ PDF က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာကနေ ဆိုင်ကယ်တွေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


