
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သာရမဲရွာ ရာဘာခြံထဲမှာ ဒီဇင်ဘာ ၃ ရက်၊ မနက် ၄ နာရီဝန်းကျင်လောက်က ဆိုင်ကယ် ကယ်ရီမောင်းသူတယောက်ကို သတ်ပြီး ဆိုင်ကယ်နဲ့ဖုန်း လုယက်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဆိုင်ကယ်လုယက်သူက ဆိုင်ကယ်ကယ်ရီမောင်းဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဦးကြည်ရှင်ကို သတ်ဖြတ်ခဲ့ပြီး ဆိုင်ကယ်နဲ့ ဖုန်းကို ယူဆောင်သွားကာ အလောင်းကိုတော့ သာရမဲရွာရာဘာခြံထဲမှာ စွန့်ပစ်ထားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သေဆုံးသူရဲ့ သားဖြစ်သူက “အလောင်းမတွေ့ခင် တရက် ၁၂ နာရီဝန်းကျင်လောက်မှာ ကျွဲကူးဘက်ကို အမျိုးသားတဦး ကယ်ရီလာငှားတယ်။ အဖေတောင် ဆိုင်ကယ်ဦးထုပ်မရှိလို့ အဒေါ်အိမ်မှာ ဝင်ယူလိုက်သေးတယ်။ နေ့လယ် ၂ နာရီလောက်မှာ အဖေပြန်မလာတော့ ဖုန်းဆက်ကြည့်တာ အဆက်အသွယ်မရဘူး။ နောက်တရက်မှာမှ ရာဘာခြံထဲမှာ အဖေ့အလောင်း ပြန်တွေ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ဦးကြည်ရှင်ရဲ့ လက်၊ ပခုံးရိုး၊ ဦးခေါင်းနဲ့ မေးတို့မှာ ကွဲအက် ဒဏ်ရာတွေနဲ့ တွေ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး သံသယရှိ လူငယ်အမျိုးသားတယောက်ကို မြိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကလည်း မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ ဇေယျာသီရိ ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ပုဂ္ဂလိကကျောင်းဆရာတယောက်ကို သတ်ဖြတ်ပြီး ဖုန်းနဲ့ ဆိုင်ကယ် လုယက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


