Home
မြန်မာသတင်း
လှိုင်းဘွဲ့မြို့မရဲစခန်းက ရဲ ၁ ဦး တနင်္သာရီရှိ တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံ
DVB
·
July 5, 2025
Tanintharyi05072025

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မ ရဲစခန်းက ရဲတပ်သား ၁ ယောက်ဟာ တနင်္သာရီမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၃ က ဇူလိုင် ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရဲလုပ်သက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ မောင်ရန်နိုင်လင်းဟာ ကရင်ပြည်နယ်၊  လှိုင်းလွဲ့မြို့မ ရဲစခန်းမှာတာဝန်ကျနေတုန်း မတ်လအစောပိုင်းမှာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာခဲ့ပြီး မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းဆီ ဇူလိုင် ၄ ရက်နေ့မှာ လာရောက်ခိုလှုံတာလို့ ဆိုပါတယ်။

သူဟာ ပြည်မြို့၊ ဝက်ထီးကန်က အမှတ် ၂ အခြေခံရဲလေ့ကျင့်ရေးသင်တန်းကျောင်း အပတ်စဉ် ၂၉၂ စည်သူတပ်ခွဲမှာ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဆီ ဘက်ပြောင်းလာတာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၃ ရဲ့တာဝန်ခံတယောက်က ပြောပါတယ်။

“လှိုင်းဘွဲ့မှာတာဝန်ကျတာ ၂ နှစ်လောက်ရှိပြီ။ ခဏခဏ အပြစ်ထိနေတော့ ရာထူးကမရဘူး။ ထွက်ပြေးလာပုံအဆင့်ဆင့်ကိုတော့ ကျ‌နော်တို့စစ်ဆေးထားတာရှိတယ်။ အသေးစိတ် မထုတ်ပြန်တာက သူ့ကိုကူညီပေးတဲ့သူတွေ ပြဿနာဖြစ်မှာစိုးလို့ပါ” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အကူအညီတချို့နဲ့အတူ ထွက်ပြေးလာခဲ့ပြီး တနင်္သာရီမြို့နယ်မှာရှိတဲ့ မိသားစုဝင်တွေကနေတဆင့် ဆက်သွယ်ခိုလှုံလာခဲ့တယ်လို့ဆိုပြီး လက်ရှိမှာ မိသားစုတွေနဲ့အတူ နေထိုင်ခွင့်ပြုထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း‌ကျေးရွာမှာအခြေစိုက်တဲ့ ခမရ ၅၆၁ တပ်ရင်းက တပ်ကြပ်ကြီးတယောက် ထွက်ပြေးလာပြီး မြိတ်ခရိုင်တပ်ရင်း ၃ ဆီ ဘက်ပြောင်းခိုလှုံလာခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013