
မြိတ်မြို့မှာ ပုဂ္ဂလိကကျောင်းဆရာ နဲ့ တည်းခိုခန်း မန်နေဂျာကို သတ်ပြီး ဆိုင်ကယ်နဲ့ဖုန်း လုယက်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ရဲတွေကဖမ်းမိပြီး ပုဒ်မ ၃၀၂ နဲ့ ကနဦးအမှုဖွင့်ကာ ကျန်လုယက်မှုတွေအတွက် စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“အပေါင်ဆိုင်မှာ ဆိုင်ကယ်သွားပေါင်တဲ့အချိန် ရပ်ကွက်က မသင်္ကာလို့ ရဲစခန်းဖုန်းဆက်လိုက်လို့ ရဲတွေမိသွားတာ။ ပြီးခဲ့တဲ့လက တည်းခိုခန်းမန်နေဂျာကိုလည်း အဲ့လိုပဲသတ်ပြီး ဆိုင်ကယ်နဲ့ ဖုန်းယူသွားတဲ့သူတွေလို့ ကြားတယ်။”
ဖမ်းဆီးရမိသူ ၂ ယောက်မှာ စုမွန်နဲ့ဘုရားကိုင် ဆိုတဲ့ မြိတ်မြို့ခံလူငယ် ၂ ဦးဖြစ်ပြီး ဇွန် ၂၇ ရက်နေ့ညက လှသီရီ ၂ တည်းခိုးခန်း မန်နေဂျာ ကိုမြတ်ထွေးကို သတ်ပြီး ရွှေထည်ပစွည်းတွေ လုယူခဲ့သူတွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ပြောရရင် လူထုပါဝင်လာလို့ လုတဲ့ ၂ ယောက်ကိုမိတာ။ လုတဲ့အမှုတိုင်းလည်း ရက်ရက်စက်စက် ဓားနဲ့ထိုးသတ်တာချည်းပဲ။ လှသီရီတည်းခိုခန်းက မန်နေဂျာကိုသတ်ပြီး ရွှေတွေလုသွားတဲ့ ကိစ္စလည်း ဝန်ခံထားတယ်။ ရဲဘက်က အခြားလုယက်မှုတွေအတွက် ထပ်စစ်နေတယ်။”
လတ်တလောမှာ မြိတ်မြို့မရဲစခန်းက ပြစ်မှုကျုးလွန်သူအမျိုးသား ၂ ယောက်ကို (ပ) အမှတ် ၁၅၈ /၂၀၂၅ ပုဒ်မ ၃၀၂ နဲ့ ကနဦးအမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ အခုနှစ် ဧပြီမှ ဇူလိုင်လအတွင်း လုယက်မှု ၁၃ ကြိမ်ဖြစ်ခဲ့ပြီး ၃ ကြိမ်မှာ အမျိုးသား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာသတင်းအချက်အလက်တွေအရ သိရပါတယ်။