
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပျူစောထီးတွေ ဦးဆောင်ပြီး ညဘက်တွေမှာ ဆိုင်ကယ်စီးသူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၉ ရက်မှ ၁၇ ရက်အထိ မြိတ်မြို့၊ ရပ်ကွက်တချို့မှာ ပျူစောထီးတွေက လက်နက်ကိုင်ဆောင်ပြီး အကြောင်းပြချက်အမျိုးမျိုးပြကာ ဆိုင်ကယ်ဖမ်းဆီးတာတွေ လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ညဘက်တွေမှာ အလုပ်ပြန်တဲ့ မြို့ခံအမျိုးသမီးတယောက်က “ဘာလို့ဖမ်းတာလဲလို့ မမေးနဲ့။ မငြိတာ ဘာမှမရှိသလောက်ဘဲ။ အဓိကက သူတို့ပိုက်ဆံလိုလို့ပါ။ အကြောင်းပြချက်မျိုးစုံနဲ့ကို ဖမ်းတာ။ အချိန်လွန်လည်းမဟုတ်ဘူး” လို့ ပြောပါတယ်။
မြိတ်မြို့ရှိ ပျူစောထီးတွေ အားကောင်းတဲ့ ရပ်ကွက်တွေဖြစ်တဲ့ တရုတ်တန်း၊ ရာပြည့်၊ မြို့သစ်၊ ထားဝယ်ကမ်း၊ အလယ်ကျွန်း၊ ဇေယျာသီရိနဲ့ ရေပုန်းရပ်ကွက်တွေမှာ ဖမ်းဆီးမှုတွေ ပိုများတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံအမျိုးသမီး နောက်တယောက်က “သူတို့က ဖြန့်ကျက်ပြီး ဖမ်းတာ။ မနေ့ကဆို ဆိုင်ကယ် အစင်းပေါင်း ၆၀ ဝန်းကျင်လောက် ရှိတယ်။ သူတို့ဖမ်းပြီးရင် ဇေယျာသီရိ ၁ မီးသတ်မှာ လူလာစုတယ်” လို့ ပြောပါတယ်။
အခုလိုမျိုး ဖမ်းဆီးရာမှာ ဖမ်းဆီးခံရသူဦးရေနဲ့ ပတ်သက်ပြီး DVB က အတိအကျ အတည်မပြုနိုင်ပေမဲ့ ဒေသခံတွေ ပြောပြချက်အရ တချို့မှာ ညတွင်းချင်း ကျပ်ငွေ ၅ သိန်းမှ ၁၀ သိန်းဝန်းကျင်ကြား ပေးပြီး ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။