
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အများစုကို ဖယ်ရှားပြီး ဇူလိုင် ပထမအပတ်မှာ တပ်ထွက် ပျူစောထီးတွေနဲ့ အစားထိုးခန့်သွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ပုသိမ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုသိမ်မြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတွေမှာ အထက်က ညွှန်ကြားချက်တွေကို အကောင်အထည်ဖော် လုပ်ဆောင်မှု အားနည်းနေတာတွေကြောင့်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ မဲအောင်နိုင်ရေးအတွက် လုပ်ဆောင်ပေးရာမှာ အဆင်ပြေစိတ်ချရတဲ့သူတွေနဲ့ လူပြောင်းအစားထိုးခန့်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပုသိမ်ထွေအုပ်ရုံးနဲ့ နီးစပ်သူက “စီစဉ်နေတာ ဟုတ်တယ်။ လောလောဆယ်တော့ ညွှန်ကြားချက် ထွက်မလာသေးဘူး။ အဖြုတ်ခံရမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နေရာမှာ တပ်ထွက်နဲ့ ပျူစောထီးတွေကို အစားထိုးခန့်ထားမယ်လို့ ကြားထားတယ်။ သူတို့ ယုံရသူပေါ့”လို့ ပြောပါတယ်။
ပုသိမ်မြို့နယ်ထဲမှာ ရပ်ကွက် ၁၅ ရပ်ကွက် ကျေးရွာအုပ်စု ၇၅ အုပ်စုရှိတဲ့အထဲက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အားလုံးနီးပါးဖယ်ရှားပြီး အစားထိုးခန့်ဖို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်နေတာလို့ ဆိုပါတယ်။
စစ်တပ်အာဏာရပြီး ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တယောက်က “အခုလို လုပ်တာက အကြောင်းပြချက်သက်သက်ပါ။ မြို့နယ်ထွေအုပ်ရုံးက ငွေလိုအပ်ရင် လုပ်နေကျ။ စစ်တပ်က အာဏာသိမ်းပြီးနောက် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အဖြုတ်ခံရတာ နှစ်ကြိမ်အထိ ရှိပါပြီ။ ငွေသိန်း ၁၀၀ နဲ့အထက် လာဘ်ပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ ကျန်ခဲ့တာပဲ အခုအထိ။ ငွေမပေးနိုင်ရင် ဖြုတ်တာ ငွေပေးတဲ့သူ ခံတာ။ ပုသိမ်မှာ အမှတ် ၆ ရပ်ကွက် အပါအဝင် ရပ်ကွက် ၂ ခု၊ ၃ ခုလောက်က အုပ်ကြီးတွေ လုံးဝမပြုတ်ဘူး ငွေရှိတာကို” လို့ ပြောပါတယ်။
လက်ရှိ ပုသိမ်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေ အစားထိုးခန့်ဖို့ ပြင်ဆင်နေတဲ့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ခန့်ပေးဖို့ စစ်ကောင်စီတပ်နဲ့ အဆင်ပြေသူတွေနဲ့ တပ်အသိုင်းအဝိုင်းက သင့်လျော်သူတွေရဲ့ စာရင်းတွေ ကောက်ယူနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကြီးကို တိုက်ပွဲတွေရှိနေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေအပါအဝင် အားလုံးမှာ ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း ပုသိမ်အပါအဝင် ဧရာဝတီတိုင်းမှာ NLD ပါတီထောက်ခံသူ တချို့ ပါဝင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကောင်စီက ဖယ်ရှားခဲ့ပြီး ကြံ့ခိုင်ပါတီဝင်တွေနဲ့ တပ်ထောက်ခံသူတွေ ပါဝင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အစားထိုးခန့်ခဲ့ပါတယ်။