
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရန်ကုန်က မြို့နယ်တချို့မှာ မှတ်ပုံတင်ပြုလုပ်ပေးမယ် ဆိုပြီး စည်းရုံးရေးဆင်းလာတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာ ကြံ့ခိုင်ရေး ပါတီဝင်တွေက ကျူးကျော်တဲမှာ နေထိုင်သူတွေကို ပါတီဝင်ပါက မှတ်ပုံတင်ပြုလုပ်ပေးမယ်ဆိုပြီး ဇွန် ၂၁ ရက်က စည်းရုံးတာတွေရှိတယ်လို့ တောင်ဒဂုံမြို့ခံတယောက်က ပြောပါတယ်။
“တောင်ဒဂုံ ၁၄၂ နဲ့ ၁၄၃ က ကျူးကျော်တဲတွေကို ပြည်ခိုင်ဖြိုးက စည်းရုံးရေးဆင်းတော့ အရင်ဗျူဟာအတိုင်းပဲ၊ မှတ်ပုံတင်လုပ်ပေးမယ်၊ ပါတီထဲဝင်ပေါ့၊ မှတ်ပုံတင်ဆိုတာကလည်း အခုခေတ်မှာ လုပ်ရတာမလွယ်တော့ လိုချင်တဲ့သူက ပါတီထဲဝင်တာပေါ့၊ လူတိုင်းတော့မဟုတ်ဘူး။”
ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်ဆိုတာ စစ်တပ်က မကြေညာသေးပေမဲ့ ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီက မြို့နယ်ပါတီရုံးတွေနဲ့ ရပ်ကျေးရုံးတွေ ဖွင့်လှစ်ပြီး ကျူးကျော်နေထိုင်သူတွေကို မှတ်ပုံတင်လုပ်ပေးမယ်လို့ အစပြုကာ ပါတီဝင်တိုးပွားရေးအတွက် ကြိုးစားနေတယ်လို့ သန်လျင်မြို့ခံတယောက်က ပြောပါတယ်။
“ရန်ကုန်မှာ ပြည်ခိုင်ဖြိုးပါတီက ရုံးတွေ ဆက်တိုက်ဖွင့်နေတယ်။ ဒါပေမဲ့ ပေါ်တင် အုပ်စုလိုက် သွားတာလာတာ စည်းရုံးတာတွေတော့ မလုပ်ရဲသေးဘူး။ လူထုကလည်း ရွေးကောက်ပွဲရော ပါတီတွေရော စိတ်မဝင်စားဘူး။ ဒီတော့ ပြည်ခိုင်ဖြိုးက ကျူးကျော်တွေကို မှတ်ပုံတင်ကစပြီး စည်းရုံးတာ။ သန်လျင်မှာဆို ပြည်ခိုင်ဖြိုးပါတီနဲ့ မှတ်ပုံတင်လုပ်ရင် မြန်မြန်ရတယ်။”
သန်လျင်မှာ ဇွန် ၂၂ ရက်က စည်းရုံးရေးဆင်းခဲ့တာလို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လူထုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ကုန်စျေးနှုန်းကြီးမြှင့်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ နေထိုင်မှုစရိတ် ကြီးမြှင့်မှုကြောင့် စားဝတ်နေရေးပြဿနာ မပြေလည်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးပေါ်တာဆွဲတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ရွေးကောက်ပွဲကို စစ်ခေါင်းဆောင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ မြို့နယ် ၂၆၇ မြို့နယ်မှာ အပိုင်းလိုက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပြီး အဲဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။