Home
မြန်မာသတင်း
ပျဉ်ထောင်ပျူရွာက အသက်မပြည့်သေးသည့် ပျူစောထီး ၂ ဦး အလင်းဝင်
DVB
·
June 24, 2025

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူရွာက အသက်မပြည့်သေးတဲ့ ပျူစောထီး ၂ ယောက်ဟာ ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲလောက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဆီ ခိုလှုံအလင်းဝင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့ တော်လှန်ရေး ထောက်ပို့အဖွဲ့ဝင်အမျိူးသမီးတယောက်က “ကလေးလေးတွေက အသက် ၁၇ နှစ်တယောက်၊ နောက်ထပ်တယောက်က အသက် ၁၇ နှစ်ပြည့်ပြီး ၂ လကျော်ကျော်အရွယ် ကလေးတယောက် စုစုပေါင်း ၂ ယောက်အလင်းဝင်လာတာ တွေခဲ့ရတယ်။ ပြီးခဲ့တဲ့ ၂ လကျော် ကျော်ကလည်း စစ်သားတဦး အလင်းဝင်လာသေးတယ်ရှင့်။ အခုဟာကတော့ ပျဉ်ထောင်ရွာက အသက်မပြည့်‌သေးတဲ့ ပျူစောထီးကလေး ၂ ယောက် ဖြစ်တယ်” လို့ ပြောပါတယ်။

ပျူစောထီး ၂ ယောက်ဟာ M2 ကာဘိုင်တလက်၊ ကျည်ဘောက် ၂ ဘောက်၊ ကာဘိုင်ကျည် ၁၃၁ တောင့်၊ G3 ကျည် ၅ တောင့်၊ ဖုန်း - ၂ လုံး၊ Power Bank တခု၊ လက်တော့တလုံးတို့နဲ့အတူ အလင်းဝင်လာခဲ့တာလို့ JC ရွှေထိမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဂျိုကိုးလ် က ပြောပါတယ်။

“အလင်းဝင်လာတဲ့ ရဲဘော်လေးတွေကိုတော့ ကျနော်တို့ စိတ်ချလုံခြုံတဲ့နေရာကို လွှဲပြောင်းပို့ဆောင်ထားပါတယ်ဗျ။ သူတို့ဒီဘက်ကို ကူးပြောင်းလာရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေဆိုတော့ အမှန်တရားကိုပဲ ကြိုက်တယ်၊ ချုပ်ချယ်မှုကို မကြိုက်လို့ ထွက်လာခဲ့တာလို့ ပြောပါတယ်ဗျ။ အဓိကတော့ အမြင်မှန်ရလာပြီး ပြည်သူတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတာကိုက ကျနော်တို့ဘက်ကတော့ ကြိုဆိုပါတယ်ဗျ။” 

ပျဉ်ထောင်ရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က NLD ပါတီဝင်တွေကို ဖမ်းဆီးတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဟာ ၄ နှစ် ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

ပျဉ်ထောင်ရွာအတွင်း စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ ထောက်ခံသူတွေဟာ စစ်တပ်က ရိက္ခာမပို့တာကြာင့် ရိက္ခာပြတ်လပ်နေပြီး ရွာအတွင်း စည်းလုံးရေးလည်း ပြိုကွဲနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်‌ကလည်း စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်တာကြောင့် ၃ ပွင့်ဗိုလ်တယောက်နဲ့ တပ်သားအဆင့်ရှိသူ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013