Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ စစ်တပ်နှင့် ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
June 3, 2025
Photo: ပခုက္ကူ ပကဖ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ် ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စီးနင်းလာတဲ့ မော်တော်ယာဥ် ၂ စီးတို့ကို ဇွန် ၁ ရက်က တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဇွန် ၁ ရက် မနက် ၃ နာရီခွဲလောက်မှာ ပခုက္ကူ ပကဖ  တပ်ရင်း ၁ နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး ပခုက္ကူမြို့ ခရိုင်မီးသတ်ရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသလို မနက် ၈ နာရီလောက်မှာလည်း ဆင်မင်းရွာ စကစဂိတ်ကို ဂျူတီလဲဖို့ လာတဲ့ ပျူစောထီးကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့  ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသောကြာက ပြောပါတယ်။ 

ပခုက္ကူ ပကဖ တပ်ရင်း ၁၊ Shwe Nyar Myae PDF၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၄ တို့ ပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်က ခရိုင်မီးသတ်ရုံးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ နဲ့ ဗိုလ်ကလယ် တပ်ပေါင်းစုတို့ ပူးပေါင်းပြီး ပျူစောထီးတွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်တွေကို ပစ်ခတ်မှုမှာတော့ ပျူစောထီး ခေါင်းဆောင် အပါအဝင် ၅ ယောက် သေဆုံးပြီး MA3 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက်နဲ့ ဆက်စပ်ခဲယမ်းတွေအပြင် ငွေကျပ် ၃၁ သိန်းတို့ကိုလည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံ စင်ယော် က “ခရိုင်မီးသတ်ရုံးကို တိုက်ခိုက်ခဲ့တဲ့ပွဲက နာရီဝက်လောက် ကြာတယ်။ ပစ်ခတ်နေတဲ့အချိန်မှာ သူတို့ဘက်က တပ်မ ၁၀၁ စစ်ကူတွေရောက်လာလို့ ကျနော်တို့တွေ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ ပစ်ခတ်လို့ သူတို့ဘက်က အသေအပျောက်စာရင်းကို မနက်မိုးလင်းမှ သိရတာပါ။ ဆင်မင်းရွာ စကစဂိတ်မှာ တာဝန်ချိန်းဖို့လို့ ပခုက္ကူကနေ ဆင်မင်းရွာဘက်ကို မတ်တူးကား ၂ စီးနဲ့ ထွက်လာတဲ့ ပျူတွေကို အဲဒီ ဆင်မင်းဂိတ်နားမှာဘဲ ဖြတ်တိုက်ခဲ့တာ။ မိုင်းဆွဲတာ မဟုတ်ဘူး။ ဂန်းတွေနဲ့ပဲ ပစ်ခဲ့တာ ၄၅ မိနစ်လောက် ကြာခဲ့တယ်။ အဲဒီကားတွေပေါ်မှာ ပါလာတာ ၈ ယောက်ထဲက ၄ ယောက် ထွက်တော့ လွတ်သွားတယ်။ တန်းသေတဲ့ ၄ ယောက်ထဲမှာ ပခုက္ကူမြို့ပေါ်က ၂ ရပ်ကွက်၊ နေပြည်တော်လမ်းမှာ နေတဲ့ ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင် ပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထဲက  ၁ ယောက်က ဒဏ်ရာရလို့ ပခုက္ကူဆေးရုံ တက်ကုရတာ နောက်ရက်မှာ ထပ်သေသွားလို့ သေဆုံးသူ ၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲမှာ သေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင်ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်သယ်ဆောင်သွားပြီး ဇွန် ၂ ရက် မနက်ပိုင်းမှာ သူတို့မိသားစုဝင်တွေကပဲ သင်္ဂြိုဟ်လိုက်ပါတယ်။

ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ ပစ်ခတ်ခံရအပြီး စစ်ကောင်စီဘက်က ဆင်မင်းကျေးရွာ ဂိတ်စခန်းကို စစ်ကာင်စီတပ်ဖွဲ့ဝင်အင်အား အများအပြား တိုးမြှင့်ချထားနေလို့ ပြည်သူတွေအနေနဲ့ အသွားအလာတွေ သတိရှိကြဖို့  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းပါတယ်။

တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို စစ်ကောင်စီလက်အောက်ခံတွေ သေဆုံးဒဏ်ရာရမှုအရေအတွက်ကိုလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013