
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စာသင်ကျောင်းတခုကို စစ်ကောင်စီတပ်က ဇွန် ၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ) ဆီကနေ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “သပိတ်ကျင်းမြို့နယ်ထဲက ၄ မိုင်ရွာရဲ့ ကန်သာစာသင်ကျောင်းပေါ့ဗျာ။ အဲဒီ ကန်သာစာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲသွားတာပါ” လို့ ပြောပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါစာသင်ကျောင်းက ၂ ထပ်ဆောင်တဆောင်နဲ့ တထပ်ဆောင်တဆောင်တို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီက “တိုက်ပွဲဖြစ်တာမရှိဘူး။ နောက်ပြီး အဲဒီကျောင်းမှာ PDF တွေ၊ ပကဖတွေ စခန်းချနေတာလည်းမရှိဘဲ တမင်သက်သက် ဗုံးကြဲသွားတာပါ။ ကျောင်းက ရွာအပြင်ဘက်နားလေးမှာဆိုတော့ လူနေအိမ်တွေ ထိခိုက်ပျက်စီးတာနဲ့ ပြည်သူထိခိုက်တာတော့ မရှိပါဘူး။ စာသင်ဆောင်တွေကတော့ အကုန်လုံးပျက်စီးကုန်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေထဲမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် သတိပေးချက်တွေကို သတိပြုလိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဇွန်လတလလုံးကို ယာယီအပစ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ထားတယ်လို့ မေ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့လည်း ပြီးခဲ့တဲ့ မေ ၇ ရက်က သပိတ်ကျင်းမြို့နယ် တောင်ခြမ်းမှာရှိတဲ့ ရေထွက်ကျေးရွာကို လေယာဥ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြသလို လူနေအိမ် ၅ လုံးထက်မနည်းလည်း ပျက်စီးခဲ့ပါတယ်။
မေ ၁၀ ရက်ကလည်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဇရပ်ကွင်းကျေးရွာ ဗုံးကြဲခံရလို့ ပြည်သူ ၅ ယောက် သေဆုံးခဲ့သလို ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာကိုလည်း မေ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတယောက် သေဆုံးကာ ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။