
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်က အထက်တန်းကျောင်းတွေအနီးမှာ မူးယစ်ဆေး ဖြန့်ချိရောင်းချနေသူတွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့က မဖမ်းဆီးတာကြောင့် ကလေးတွေ ဆေးစွဲမှာကို စိုးရိမ်ပူပန်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
(က) ရပ်ကွက်၊ မေယုလမ်းမပေါ်ရှိ အမှတ် ၂ အထက်တန်းကျောင်းနံရံဘေး လမ်းကြားမှာ ညနေတိုင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ ပေါ်တင်လုပ်ကိုင်နေတာ ၂ နှစ်လောက်ရှိလာပေမဲ့ ကျောင်းတာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လျစ်လျူရှုထားနေကြပါတယ်။
ရပ်ကွက်နေသူတယောက်က “လမ်းကြောင်းရှိမှပဲ ခဏပျောက်သွားတာ။ ပြီးရင် ပြန်ရောင်းကြတာပဲ။ ဆေးရောင်းတဲ့လမ်းကြားက မေယုဓမ္မာရုံနဲ့ နွယ်သာကီ ၆ လမ်းကို ဆက်ထားတဲ့လမ်း။ ရောင်းတာကလည်း ချာတိတ်လေးတွေ။ ကလေးမလေးတွေရော ပါတယ်။ ကြည့်လိုက်ရင် မသိသာဘူး။ ကျောင်းသားအရွယ်တွေဆိုတော့ ဘယ်သူမှ မထင်ဘူး။ မနှစ်ကလည်း ဆေးရောင်းတဲ့ ကောင်လေး ၂ ယောက်ကို ရုံးက ခေါ်သွားတယ်။ အသက်မပြည့်သေးလို့ ဆိုပြီး ခံဝန်နဲ့ လွှတ်လိုက်တာပဲ” လို့ ပြောပါတယ်။
အမှတ် ၂ အထက်တန်းကျောင်းအပြင် ည ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးနဲ့ ကန်သာယာ မီးပွိုင့်ထိပ်က အမှတ် ၃ အထက်တန်းကျောင်းအနီးက ကန်သာယာပန်းခြံထဲမှာလည်း မူးယစ်ဆေး ရောင်းချနေသူတွေ ရှိနေကြပါတယ်။
ကျောင်းသားမိဘတယောက်က “ဆေးကတော့ တော်တော့်ကို ပျံ့နေတာ။ မျက်စိရှေ့တင်ပဲ ကိုယ့်သားအရွယ်လောက်လေး ဆေးစွဲနေသူတွေ အများကြီးပဲ။ ကန်သာယာပန်းခြံက ပိုဆိုးတယ်။ ဟိုဘက်က ည ရပ်ကွက်၊ ဒီဘက်က ဋ ရပ်ကွက်။ ဆေးကို မုန့်ပို့သလိုလိုနဲ့ကို လိုက်ဖြန့်နေတာ။ ဒါတွေကိုကြောက်လို့ အိမ်ကသားကိုတောင် G10 ထဲက အပြင်မှာထားတာ။ အစိုးရကျောင်းမှာ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသားတွေကို အကုန်မစစ်နိုင်ဘူးလေ။ အနည်းဆုံး ကျောင်းအိမ်သာလောက် ဝင်စစ်ရင်တောင် ကိုယ့်ကျောင်းအခြေအနေ သိကြမှာ။ ရဲရော ရပ်ကွက်လူကြီးရော မတိုင်မချင်းကို မဖမ်းဘူး။ တိုင်လည်း ငွေနဲ့လိုက်ရင် ခံဝန်လောက်နဲ့ပဲ လွှတ်တာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနရဲ့ ကျောင်းတွေမှာ “မူးယစ်ကင်းစင် တို့ကျောင်းတခွင်” လို့ ဆိုင်းဘုတ်တွေ ရှိနေပေမဲ့ ကျောင်းအနီးနားတဝိုက်မှာပဲ မူးယစ်ဆေးကို လိုသလောက် ဝယ်ယူလို့ ရနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်း မူးယစ်ဆေးရောင်းဝယ်တာကို အရေးယူခြင်းမရှိဘဲ မူးယစ်ဆေးစွဲသူတွေကိုသာ ဖမ်းဆီးပြီး စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းလူဦးရေ ပြည့်မီဖို့အတွက် စစ်သားစုဆောင်းရေး ပို့ဆောင်နေတယ်လို့ သိရပါတယ်။