Home
မြန်မာသတင်း
မြောက်ဥက္ကလာနှင့် မရမ်းကုန်းတွင် ဘက်ထရီစက်ဘီးများကို ဖမ်းဆီးနေ
DVB
·
May 24, 2025

ရန်ကုန်၊ မြောက်ဥက္ကလာနဲ့ မရမ်းကုန်းမြို့နယ်အတွင်း ကမ္ဘာအေးလမ်းတလျှောက်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ဘက်ထရီစက်ဘီးတွေကို  ၃ ရက်ဆက်တိုက် ဖမ်းဆီးငွေညှစ် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာမြို့နယ် လမ်းဝတံတားအဆင်း ၁ ရပ်ကွက်က ခတ္တာလမ်းထိပ်မှာ ပြီးခဲ့တဲ့ မတ် ၂၂ ရက် ညနေပိုင်းလောက်က ဘက်ထရီစက်ဘီးအစီးရေ ၃၀ လောက်ကို စစ်ကောင်စီရဲတွေက ဖမ်းဆီးထားသလို တစီးကို ကျပ်ငွေ ၂ သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ သိရပါတယ်။

ဒီလို ဖမ်းဆီးနေတာဟာ စစ်ကောင်စီရဲ့ အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသေဆုံးမှုအပြီးမှာ စဖြစ်လာတာလို့ မရမ်းကုန်းမြို့ခံတယောက်က ပြောပါတယ်။

“အဲဒီနေ့မနက် တပ်က အကောင်ကြီးတကောင် အသတ်ခံရပြီးကတည်းက နေ့ခင်းလောက်ကစပြီး ဖမ်းတာပဲ။ နဝဒေးထိပ်လမ်းဝဘက်ကနေ စတာ။ ဘက်ထရီဘီးတွေရော၊ Ebike တွေရော အကုန်ဖမ်းတာ။ ညှိလို့ရတဲ့ဘီးက ၂ သောင်းပေးရတယ်။ ဖမ်းထားတာ အစီး သုံး၊ လေး ဆယ်ကျော်တယ်။ ၂၂ ရက်နေ့ကတည်းကဆို ၃ ရက်ဆက်တိုက်ဖြစ်နေပြီ”

တယ်လီဂရမ်ကနေပျံနှံ့လာတဲ့ CCTV မှတ်တမ်းဓာတ်ပုံတခုမှာတော့ စစ်ကောင်စီ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့သူတွေဟာ ဘက်ထရီစက်ဘီးစီးလာသူ ၂ ယောက်ဖြစ်တာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Golden Valley Warriorsအဖွဲ့က မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ရပ်ကွက်၊ ရွှေနှင်းဆီ ၆လမ်းမှာ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်‌ဟာ ကမ္ဘာအေးလမ်းပေါ်က ဘက်ထရီစက်ဘီး စီးသူအားလုံးကို အင်အားသုံးစစ်ဆေးခဲ့သလို စက်ဘီးတွေကိုဖမ်းဆီးပြီး ငွေညှစ်နေခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013