
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ မေတ္တာ ၂ လမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၈ နာရီ မိနစ် ၂၀ လောက်က မီးလောင်ပြီး အိမ် ၃ လုံး ဆုံးရှုံးကာ လူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေ၊ ပေ ၄၀ တထပ်အိမ် ၂ လုံးနဲ့ ၂ ထပ်အိမ်တလုံး ဆုံးရှုံးသွားပြီး အဆိုပါအိမ်တွေက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် မီးခိုးမွှန် အသက်ရှူကျပ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကြိုးတံတားနားထိပ်နဲ့ နီးတယ်။ အိမ်တွေက ကပ်နေတော့ မီးကူးတာ မြန်တယ်။ အားလုံးပေါင်း ၃ လုံး ပျက်စီး။ ထိခိုက်မိသူတွေကိုတော့ မြေပြင်ကုသမှုပေးပြီး ဆေးရုံပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
မီးငြှိမ်းသတ်ရေးကို မြောက်ဥက္ကလာမီးသတ်၊ နာကူအသင်းမီးသတ်အဖွဲ့က လုပ်ဆောင်ခဲ့ပြီး ကူညီကယ်ဆယ်ရေးကို မြို့ခံကယ်ဆယ်ရေးအသင်း ၄ သင်း လာရောက်လုပ်ဆောင်ခဲ့တာကြောင့် ည ၈ နာရီ ၃၆ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
ထိခိုက်မိသူတွေကို မေဓာဝီဆေးရုံ ပို့ဆောင်ကုသပေးထားပြီး မီးလောင်မှု အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် တနေ့တည်းမှာပဲ ရန်ကုန်မြို့က ကျောက်တံတားမြို့နယ်မှာ တကြိမ်၊ အင်းစိန်မြို့နယ်မှာ ၂ ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။