
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်ရှိ ဘုရားကြီးမြို့မဈေးမှာ ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်မှုကြောင့် ဈေးမျက်နှာတန်းရှိ လူသုံးကုန်၊ စားသောက်ကုန် စတဲ့ ဆိုင်ခန်း ၈ ခန်း ပျက်စီးသွားပြီး မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို စုံစမ်းတွက်ချက်နေဆဲ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဘယ်ဆိုင်က စလောင်သလဲကို မသိတာ။ ရောက်တော့ မီးတောက်က ကြီးနေပြီ။ ပျက်စီးဆုံးရှုံးက ဆိုင်ခန်း ၈ ခန်း။ မီးဟပ်ကူးစက်တာက ၂ ခန်းလောက်ရှိမယ်။ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပြီး ပဲခူးတိုင်း ခရိုင် မြို့နယ် မီးသတ်နဲ့ ဝေါ၊ ဘုရားကြီးမီးသတ်တို့က မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နဲ့ လာရောက်ငြှိမ်းသတ်ခဲ့လို့ မနက် ၁ နာရီ ၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။