Home
မြန်မာသတင်း
ပဲခူးတွင် ကျောင်းသား ၁၇ ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းအုပ်ကြီး ဖမ်းဆီးခံရ
DVB
·
January 24, 2025

အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီးကို ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မုလက္ကအလယ်တန်းကျောင်းခွဲမှာ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသားတယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် မိဘဖြစ်သူက  တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ဖြစ်စဥ်က ၁၅ ရက်ကတည်းကဖြစ်တာ၊ ကလေးကို rape လုပ်တာ နှစ်ရက်ဆက်တိုက်၊ မိဘတွေက ကလေးကပြန်ပြောမှသိတာ၊ အဲဒီကျမှ ရဲစခန်းတိုင်တာ၊ အဲဒီလိုတိုင်မှ rape လုပ်ခံရတာ ၁၇ ယောက်တောင် ရှိပြီဆိုတာ သိရတာ။”

ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကြောင့် မိဘတွေက အမှုဖွင့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကျောင်းသားမိဘတွေကိုယ်တိုင် အမှုဖွင့်တာ၊ ကလေးတွေကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ ဆိုင်တီရွာက သူ့နေအိမ်မှာလည်း rape လုပ်တာ၊ ရဲစခန်းဘက်ကတော့ စစ်ဆေးနေတုန်း၊ ဒါမျိုးက နောက်လူတွေ မလုပ်ရဲအောင် ဝန်ထမ်းကနေ အရင်နားပစ်လိုက်ရမှာ။”

ဒီလိုပြစ်မှုမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက ဆရာနဲ့ ကျောင်းသားမိဘတွေကြား ယုံကြည်မှု ကင်းမဲ့သွားမှာဖြစ်တယ်လို့ မြို့ခံတွေက ဝေဖန်ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၁,၂၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013