ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ကျောင်းစုရပ်ကွက်နေ နိုင်ငံရေးအကျဉ်းသူဟောင်း CDM ဆရာမ ဒေါ်မြင့်မြင့်တိုးဟာ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် ပြန်လွတ်လာပြီး လပိုင်းအတွင်း နိုဝင်ဘာ ၁၉ ရက်က ကွယ်လွန်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဆုံးတာက မနေ့က (နိုဝင်ဘာ၁၉) မကောင်းလို့ ဆေးခန်းပြဖို့သွားရင်း လမ်းမှာ နှစ်လုံးအမောဖောက်ပြီး ဆုံးတာတဲ့။ အသက်က ၄၀ ကျော်ပဲရှိသေးတယ်။ သူ့မှာက သွေးလေးဖက်နာလည်း ရှိတယ်၊ နှလုံးမှာလည်း မွေးရာပါ အပေါက်ပါတယ်၊ အဲဒါတွေ ဆေးစွဲသောက်နေရတာ။ ထောင်ထဲမှာနေတော့ ပုံမှန်သောက်နေကြ ဆေးတွေ မသောက်ရတော့ ရောဂါက ဆိုးလာတာဖြစ်မယ်။ လွတ်လာတည်းက ကျန်းမာရေးမကောင်းဘူး”လို့ ပြောပါတယ်။
ဆရာမ မြင့်မြင့်တိုးဟာ စစ်တပ်အာဏာမသိမ်းခင်က သာယာဝတီခရိုင် ပညာရေးမှူးရုံးမှာ ဒုလက်ထောက်ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် CDM မှာပါဝင်ခဲ့ကာ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၀၅ နဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် အမိန့်ချခံရပြီးနောက် ၂၀၂၃ မေလမှာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။
သာယာဝတီမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတယောက်က “အဖမ်းခံရတာက ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ၊ သူ့အိမ်ကို စစ်သားတွေ ရဲတွေ ဝင်ဝိုင်းတာ၊ အဲဒီမှာ သူ့မမိတော့ သူ့အမျိုးသားကို ရိုက်ပုတ်ပြီး အရင်ဖမ်းသွားတာ။ သူလာအဖမ်းခံမှ သူ့အမျိုးသားကို ပြန်လွှတ်မယ်ပြောလို့ နောက်ရက်သွားပြီး ရဲစခန်းမှာ အဖမ်းခံလိုက်ရတယ်”လို့ ပြောပါတယ်။
စစ်တပ်အာဏာ သိမ်းခါစ ၂၀၂၁ မတ် ၁၀ ရက် မနက်ကလည်း အဲဒီဆရာမ နေအိမ်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲနဲ့ စစ်သားတွေက ဆရာမကို ရဲစခန်းမှာ အမှုဖွင့်ထားတဲ့အတွက် လာရောက်ဖမ်းဆီးတာဆိုပြီး ဝင်ရောက်ရှာဖွေခဲ့ရာ ဆရာမ နေအိမ်မှာမရှိတဲ့အတွက် အဖမ်းမခံခဲ့ရကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမပေးတာကြောင့် အကျဉ်းသားတွေဟာ ပြန်လွတ်မြောက်လာပြီး မကြာခင်မှာ ကွယ်သွားခဲ့ရတာဖြစ်ပါတယ်။
အောက်တိုဘာလကလည်း အိုးဘိုအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦဝင်းခိုင်တို့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။