
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထဲက ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့တဲ့ ရဲ ၂ ဦး ခွေးကိုက်ခံရပြီး ခွေးရူးပြန်ရောဂါကြောင့် မတ် ၁၉ ရက်၊ ညနေမှာ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဆေးကုသမှုခံယူနေရတယ်လို့ သေဆုံးသူ ရဲမိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၉ နာရီကျော်လောက်က ဝေဘာဂီလမ်းမ၊ ကရပ်ကွက်ဘက်ကနေ ဝေဘာဂီမြို့သစ်ထဲက ရပ်ကွက်တခုကို ဧည့်စာရင်းဝင်စစ်ခဲ့ပြီးအပြန် ဝေဘာဂီဈေးအနီးက ပန်းခြံအနားမှာ ခွေးကိုက်ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ဝင်နဲ့ နီးစပ်သူမိသားစုတယောက်က ပြောပါတယ်။
“ဖြစ်တာက ၁ လတောင် ကျော်နေပါပြီ။ ဆုံးတာကတော့ မနေ့ညနေကပါ။ ခွေးကိုက်လိုက်တာက နှစ်နေရာပါ။ ဘာမှမဖြစ်လောက်ဘူးထင်ပြီး မန်းပဲ မန်းခဲ့တာ။ နောက်တယောက်က သွားခြစ်ရာလောက်ပဲ ရတာ။ အသည်းအသန်ဖြစ်တာက ဒီလဆန်း ၃၊ ၄ ရက်နေ့လောက်ကမှ ဖြစ်တာ။ စစချင်း ခေါင်းတခြမ်းကိုက်တယ် ကိုက်တယ်ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေ သောက်တာ မနည်းဘူး။ နောက်တော့ ဘာမှလည်း မစားတော့ဘူး။ တချိန်လုံး အန်နေတာ။ ဆေးတော့ သောက်တယ်။ ရေတိုက်လို့ မရဘူး။ အခန်းထဲကနေ ဘယ်အပြင်မှကို မထွက်တော့တာ။ ဆေးရုံပို့တာက ၁၆ ရက်နေ့မှ ပို့တာ။ အဲ့ဒီမှာပဲ ဆုံးသွားတာ။”
အသက် ၄၀ ကျော်အရွယ် ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးတာကို မြို့နယ်ရဲတပ်ဖွဲ့က သတင်းဖုံးထားပြီး ရဲစခန်းဝန်းအတွင်း နာရေးအသုဘအခမ်းအနား လုပ်ခွင့်မပေးဘူးလို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက် ၁၇ ခုနဲ့ မြို့သစ်ရပ်ကွက် ၂ ခုမှာ ၂၀၂၅ နှစ်ဆန်းပိုင်းကစလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုယ်တိုင် ဦးဆောင်ပြီး မြို့နယ်ရဲ၊ ရပ်ကွက်လုံခြုံရေးတွေနဲ့ ပူးပေါင်းကာ ဧည့်စာရင်းစစ်ဆေးမှုတွေကို အလှည့်ကျ ပြုလုပ်နေတာ ဖြစ်ပါတယ်။