Home
မြန်မာသတင်း
ရေကြည်တွင် PDF နှင့်ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးခံရသည့် အရပ်သား ၂ ဦး သတ်ဖြတ်ခံရ
DVB
·
February 28, 2025
Photo : Tun Min

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီခဲ့တဲ့ အရပ်သား ၂ ယောက်ကို ရိုက်နှက်စစ်ဆေးပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

သေဆုံးသွားသူ ၂ ယောက်ဟာ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာက အသက် ၃၀ အရွယ် ကိုချင်းလေးနဲ့ မိဿလင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ ကျော်အရွယ် ဦးဆန်းဝင်းတို့ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်သွယ်တယ်လို့ဆိုကာ စစ်တပ်က ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီ တတိယအပတ်ထဲမှာ ရိုက်နှက်စစ်ဆေးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးသူ ၂ ယောက်စလုံးကို ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး တပ်နဲ့ရဲက ဖမ်းခဲ့တာ။ ကိုချင်းလေးက ၂၀၂၄ ဒီဇင်ဘာလမှာ အဖမ်းခံရတာ။ ဦးဆန်းဝင်းကတော့ ဖေဖော်ဝါရီလ တတိယအပတ်က ဖမ်းဆီးခံရတာ။ သေနတ်နဲ့ ပစ်သတ်ခံရတာ” လို့ သေဆုံးသူနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ကိုချင်းလေးကို ဖမ်းဆီးပြီးနောက် စစ်ဆေးချက်အရဆိုကာ ဦးဆန်းဝင်းကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပြီး ရေကြည်မြို့နယ်၊ ကုန်းပြင်နယ်မြေရဲစခန်းမှာ စစ်ဆေးပြီးနောက် သေဆုံးသွားတာလို့ ဆိုပါတယ်။

“သတ်ဖြတ်ခံရသူတွေက အရပ်သားတွေပါ၊ PDF တွေဆိုတာ လုံးဝမဟုတ်ပါဘူး။ သူတို့ဘက်က စွပ်စွဲတဲ့ PDF နဲ့ ဆက်သွယ်မှုရှိတယ်ဆိုလည်း ဥပဒေနဲ့အညီလုပ်ပေါ့။ ဒီလို တရားလက်လွှတ် သတ်ဖြတ်တာ မလုပ်သင့်ပါဘူး” လို့ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီသေဆုံးသူ ၂ ယောက်အနက် တယောက်က ရုတ်တရက် အမောဖောက် သေဆုံးတာနဲ့ နောက်ထပ်တယောက်က ထွက်ပြေးရင်း တိုက်ပွဲမှာ သေဆုံးတာဖြစ်ကြောင်း သတင်းလွှင့်ထားတယ်လို့ သိရပါတယ်။

ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွ လမ်းတလျှောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရှိန်မြင့်လာပြီးနောက် စစ်ကောင်စီဘက်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ပြီး သတ်ဖြတ်မှုတွေပါ ကျူးလွန်လုပ်ကိုင်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013