Home
မြန်မာသတင်း
ဆင်ပေါင်ဝဲတွင် ဘုန်းကြီးကားဖြင့် ထွက်လာသည့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ဒုရဲအုပ် အပါအဝင် ၃ ဦးသေဆုံး
DVB
·
February 28, 2025
Photo : Photo : PDF PNWD

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု မောင်းနှင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ်တယောက် အပါအဝင် ၃ ယောက် သေဆုံးတယ်လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF PNWD) ဆီကနေ သိရပါတယ်။

PDF PNWD ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဆင်ပေါင်ဝဲနယ်ထဲက လဲဇင်နယ်မြေရဲစခန်းကနေ ဘုန်းကြီးကားကို အသုံးပြုပြီးတော့ ထွက်လာတဲ့ကောင်တွေကို ကြိုတင်သတင်းရလို့ ကျောသာရွာနဲ့ သပြေစမ်းရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါဗျ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာသူ လဲဇင်နယ်မြေရဲစခန်းက ဒုရဲအုပ်ရန်နိုင်ဌေး (လ ၂၄၀၅၆၅) အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF PNWD) ရဲ့ တာဝန်ခံ ဗိုလ်ထိန်က “လဲဇင်နယ်မြေရဲစခန်းနေ ဆင်ပေါင်ဝဲကို လစာထုတ်ဖို့နဲ့ လချုပ်စာရင်းတွေပို့ဖို့ သွားကြမယ်ဆိုတာ သတင်းရလို့ ကြိုစောင့်နေတာဗျာ။ သူတို့ကားလည်းလာရော ရှေ့ကအဖွဲ့တွေက ပစ်တယ်။ နောက်ကအဖွဲ့တွေက ကားလမ်းပေါ်ကို သစ်တုံးရှည်တတုံး ဖြတ်ခံထားတယ်။ ထင်ထားတဲ့အတိုင်းပဲ၊ သူတို့ကား အပစ်ခံရတော့ speed တင်ပြီး မောင်းပြေးတာ လမ်းပေါ်ဖြတ်ချထားတဲ့တုံးကို တိုက်မိပြီး ကားက ပက်လက်လန်သွားတယ်။ ရန်နိုင်ဌေး အပါအဝင် ၃ ကောင်သေတယ်။ တချို့ကောင်တွေကတော့ ဒဏ်ရာရပြီး ထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားတာက ၂ ယောက် ၃ ယောက်လောက်တော့ ရှိမယ်ဗျ။ ကျနော်တို့လည်း ပက်လက်လန်သွားတဲ့ကားထဲက လက်နက်ခဲယမ်းတွေယူပြီး အမြန်ပြန်ဆုတ်ခဲ့ကြတာ။ အစကတော့ သေတဲ့အထဲမှာ ဒုရဲအုပ်ရန်နိုင်ဌေး မပါဘဲ ထွက်ပြေးသွားတယ်လို့ပဲ သိခဲ့တာ၊ နောက်မှ ဖရဲသီးက သတင်းပို့လို့ ရန်နိုင်ဌေး သေတယ်ဆိုတာ သိရတာ။ သူတို့ဘက်ကတော့ ဒုရဲအုပ်ရန်နိုင်ဌေး သေတယ်ဆိုတာ သတင်းဖုံးထားတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

အဲဒီကားပေါ်ကနေ 79 သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ MA13 သေနတ် ၁ လက်၊ MA 13 ကျည်အတောင့် ၁၃၀၊ G3 ကျည်အတောင့် ၁၂၀၊ လက်ပစ်ဗုံး ၁ လုံး၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ လက်ကိုင်ဖုန်း ၅ လုံး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅ ခု၊ ဝန်ထမ်းကတ် ၂ ခုနဲ့ လက်ပ်တော့ကွန်ပျူတာ ၁ လုံးတို့ကို သိမ်းဆည်းခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF PNWD) နဲ့အတူ သရက်ခရိုင် တပ်ရင်း ၅ က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ တိုက်ခိုက်ချိန် မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့တယ်လို့လည်း PDF PNWD ဆီကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဆင်ပေါင်ဝဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို DVB က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013