Home
မြန်မာသတင်း
ပုဂံညောင်ဦးတွင် တရားရုံးထုတ်လာသည့် ရဲတပ်ဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
February 18, 2025

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တရားရုံးမှာ ရုံးထုတ်လုံခြုံရေးယူဖို့ ရောက်လာတဲ့ ပုဂံနယ်မြေရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်ဦးဆောင်တဲ့အဖွဲ့ ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့မနက် ၉ နာရီခွဲက ပစ်ခတ်ခံရပြီး ၂ ယောက် သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီခွဲက ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝါဝါထွန်း ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က  ညောင်ဦးမြို့နယ်တရားရုံး ရုံးထုတ်အတွက် လုံခြုံရေးယူရန်လာစဥ် ဝက်ကြီးအင်းရပ်ကွက်နားမှာ အိမ်စီးကားပေါ်ကနေ ပစ်ခတ်သွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ရဲတွေက ဆိုင်ကယ် ၂ စီးနဲ့လာတာ၊ အလိုတော်ပြည့်ဘုရားနားရောက်တော့ အိမ်စီးကား တစီးပေါ်ကနေ ပစ်သွားတာ။ ရဲ ၂ ယောက်သေတယ်။ ဒုရဲအုပ်က ဒဏ်ရာရတယ်။ အခုထိ စစ်တပ်က စစ်ဆေးနေတုန်း။”

ပုဂံနယ်မြေရဲစခန်းက ဒုရဲအုပ်ဝါဝါထွန်းနဲ့အဖွဲ့ ပစ်ခတ်ခံရတာ မှန်ကန်ပြီး အဆိုပါပစ်ခတ်မှုမှာ ရဲတပ်ကြပ်ခင်မောင်မြင့်နဲ့ ရဲတပ်သားရီဝေဦးတို့ သေဆုံးခဲ့ပြီး ဒုရဲအုပ်ဝါဝါထွန်း ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“တရားရုံးကို ဆိုင်ကယ် ၂ စီးနဲ့သွားတာ။ အလိုတော်ပြည့်ဘုရားနား ဟွန်ဒါဖစ်ကားပေါ်ကနေ ပစ်သွားတာ ရဲ ၂ ယောက်က ပွဲချင်းပြီးပဲ၊ ဒုရဲအုပ်က ဒဏ်ရာရပြီး လွတ်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်က သေဆုံးသွားတဲ့ ရဲ ၂ ယောက်ရဲ့ အလောင်းတွေကို  ညောင်ဦးမြို့နယ်ဆေးရုံကို ပို့ကာ ပစ်ခတ်သွားတဲ့ကားကို ရှာဖွေပေမဲ့ ဖမ်းဆီးရမိတာ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်တွေကလည်း ညောင်ဦးမြို့နယ်မှာ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာရှိသလို စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေလည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013